International News

ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံ၏ သရက်သီးတင်သွင်းမှုဈေးကွက်၏ (၉၇) ရာခိုင်နှုန်းကို သိမ်းပိုက်ထား

Last Updated:

ဗီယက်နမ်သရက်သီးများသည် ထိုင်း၊ ပီရူးနှင့် သြစတြေးလျတို့မှ တင်ပို့မှုထက်ကျော်လွန်ကာ တရုတ်၏သရက်သီးတင်သွင်းမှုဈေးကွက်ဝေစု၏(၉၇)ရာခိုင်နှုန်းကို သိမ်းပိုက်ထားကြောင်း၊ စျေးနှုန်းအရယှဉ်ပြိုင်နိုင်ခြင်း၊ အရည်အသွေးတစ်သမတ် တည်းရှိခြင်းနှင့် အချိန်နှင့်တစ်ပြေးညီရောင်းချနိုင်ခြင်းတို့ကြောင့် ဈေးကွက်ရရှိနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ်တွင် သရက်သီးတင်သွင်းမှု အမေရိကန်ဒေါ်လာ(၂၉)သန်းဖိုးရှိပြီး ယခင်နှစ်ကထက် သိသိသာသာမြင့်တက်လာခဲ့ကြောင်း၊ ကိန်းဂဏန်းအချက်အလက်များအရ ဗီယက်နမ်နိုင်ငံသည် သရက်သီးတန်ချိန်(၄၀,၇၀၀)နီးပါးကို တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ(၂၈)သန်းရရှိကာ ယခင်ထက် သိသိသာသာမြင့်တက်လာခဲ့ကာ ပျမ်းမျှပို့ကုန်စျေးနှုန်းသည် (၇၂.၆)% တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

ဗီယက်နမ်သည် တရုတ်နိုင်ငံနှင့် နီးကပ်စွာတည်ရှိနေခြင်းသည် ထောက်ပံ့ပို့ဆောင်ရေးအရ အားသာချက်ရှိပြီး ကုန်ကျစရိတ်သက်သာ၍ သစ်သီးအရည်အသွေးကို ထိန်းသိမ်းထားနိုင်ကြောင်း၊  ပို့ကုန်စျေးနှုန်းမှာ တစ်တန်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ(၇၀၀)ရှိပြီး ထိုင်း၊ ပီရူးနှင့် သြစတြေးလျတို့က တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၆၀၀၀) မှ (၁၁၀၀၀)ကြားရှိကြောင်း၊ ဗီယက်နမ်သည် သရက်သီးရာသီချိန်မဟုတ်သည့် စက်တင်ဘာလမှ မတ်လအထိဈေးကွက်ကို သိမ်းပိုက်ထားပြီး ဝယ်လို အားမြင့်တက်ချိန်တွင် စျေးကွက်သို့ ဝင်ရောက်ခြင်းဖြစ်ကြောင်း၊ သရက်သီးရာသီချိန်ပြင်ပတွင် အရည်အသွေးအကောင်းဆုံးသရက်သီး တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ(၄)ဒေါ်လာဝန်းကျင်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

Hoa Loc နှင့် Cat Chu ကဲ့သို့သော အထူးမျိုးကွဲများသည် လတ်လတ်ဆတ်ဆတ်စားသုံးခြင်းနှင့် ပြုပြင်ခြင်းနှစ်မျိုးလုံးအတွက် လူကြိုက်များကြောင်း၊ မဲခေါင်မြစ်ဝ ကျွန်းပေါ်ဒေသရှိ သရက်သီးစိုက်‌ဧကဟက်တာ(၂,၀၀၀)ခန့်သည် VietGAP နှင့် GlobalGAP လက်မှတ်များရရှိထားပြီး၊ ထိုလက်မှတ်များသည် အရည်အသွေးမြင့်စျေးကွက်ဝင်ရောက်ရန်အတွက် မရှိမဖြစ်လိုအပ်ကြောင်း သိရှိရပါသည်။

စိန်ခေါ်မှုများမှာ တရုတ်နိုင်ငံမှ သရက်သီးပေါ်ချိန်ဖြစ်သည့် မေလမှစ၍ ဝယ်လို အားအတက်အကျများ၍ သွင်းကုန်ဝယ်လိုအားကျဆင်းပြီး စျေးနှုန်းများကျဆင်းကာ တစ်ခါတစ်ရံတစ်ကီလိုဂရမ်လျှင် ပြား(cents)အနည်းငယ်အထိ ‌ဈေးနှုန်းကျဆင်းကြောင်း၊ စျေးကွက်တစ်ခုတည်းကို အားကိုးခြင်းသည် အန္တရာယ်များသဖြင့် သရက်သီးကဏ္ဍတွင် တင်ပို့သည့်နိုင်ငံများကို မတူကွဲပြားစေကာ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ကြာရှည်ခံစေရန်ထိန်းသိမ်းခြင်းနည်းပညာများတွင် ရင်းနှီးမြှုပ်နှံရမည်ဖြစ် ကြောင်း၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရသည့် စိုက်ပျိုးမြေများကို တိုးချဲ့ခြင်းသည် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: https://www.freshplaza.com/asia/article/9735255/vietnam-captures-97-of-china-s-mango-import-market/ 

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News