International News

မြေရှားသတ္တုတင်ပို့မှုကို တရုတ်နိုင်ငံမှ ထိန်းချုပ်သွားမည့်အပေါ် ဂျပန်နိုင်ငံမှ စိုးရိမ်ပူပန်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံမှ မြေရှားသတ္တုတင်ပို့မှုကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလမှစတင်၍ တရုတ်နိုင်ငံမှ ထုတ်ကုန်များအပေါ် အမေရိကန်နိုင်ငံမှ ၁၀၀ ရာခိုင်နှုန်းအကောက်ခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှ ခြိမ်းခြောက်ခဲ့ကြောင်းနှင့် တရုတ်နိုင်ငံမှ ထိုသို့ပို့ကုန်ထိန်းချုပ်ခဲ့မှုအပေါ် ဂျပန်နိုင်ငံအနေဖြင့်လည်း စိုးရိမ်ပူပန်လျက်ရှိကြောင်း ၁၄-၁၀-၂၀၂၅ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “Japan expresses concern over China’s expanded rare earth export controls” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်း၌ ၉-၁၀-၂၀၂၅ ရက်နေ့တွင် တရုတ်နိုင်ငံအနေဖြင့် မြေရှားသတ္တုတင်ပို့မှုကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်းကြေညာခဲ့မှုကြောင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်အပေါ် သက်ရောက်လာနိုင်မှုများအား ဂျပန်နိုင်ငံအနေဖြင့် အလွန်အမင်းစိုးရိမ်ပူပန်လျက်ရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး အီဝါရာ တာကေးရှိက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံအနေဖြင့် လျှပ်စစ်ယာဉ်များမှသည် လက်နက်စနစ်များအထိ အမျိုးမျိုးသော ခေတ်မီနည်းပညာများအတွက် အရေးပါသည့်မြေရှားသတ္တုနှင့်အခြားသောသတ္တုများကို ကမ္ဘာ့နိုင်ငံများသို့ အများဆုံးတင်ပို့လျက်ရှိကြောင်း၊ထို့ကြောင့် တရုတ်နိုင်ငံမှ ပို့ကုန်ထိန်းချုပ်ခြင်းကြောင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်အပေါ် ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအပါ အဝင် တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံ မေတ္တာရပ်ခံထားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ပြတ်တောက်မှုမရှိစေရေးအတွက် သက်ဆိုင်ရာနိုင်ငံများနှင့်ပူးပေါင်းကာ လိုအပ်သည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News