International News

၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ဧည့်သည်လာရောက်မှုမှာ ၁၆.၉ ရာခိုင်နှုန်းမြင့်မားခဲ့

Last Updated:

အာရှနိုင်ငံမှ လေကြောင်းပြေးဆွဲမှုများ များပြားခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှုမှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၆.၉ ရာခိုင် နှုန်းမြင့်မားခဲ့ပြီး ၃.၄ သန်းအထိ စံချိန်တင်လာရောက်ခဲ့ကြောင်း ဂျပန် အစိုးရက ထုတ်ပြန်ထားကြောင်း ၁၇-၉-၂၀၂၅ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “Foreign visitors to Japan rise 16.9% in Aug. led by China, S. Korea” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်း၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ဂျပန်နိုင်ငံ၌ သဘာဝဘေးအန္တရာယ်ကြီးတစ်ခုဖြစ်ပွားနိုင်ကြောင်း လူမှုကွန်ယက်တွင်သတင်း အမှားများဖော်ပြခဲ့ခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံနှင့်ဟောင်ကောင်တို့မှ ခရီးသွားဧည်သည်များ ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်မှုကျဆင်းခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း၊ လေကြောင်းပြေးဆွဲမှုများ များပြားခဲ့ခြင်းကြောင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်နိုင်ငံသို့ တရုတ်နိုင်ငံ(လူဦးရေ ၁ သန်း)၊ တောင်ကိုရီးယား နိုင်ငံ(၆၆၀,၉၀၀ ဦး) နှင့်ထိုင်ဝမ်(၆၂၀,၇၀၀ ဦး)တို့မှ အများဆုံးလာရောက်ခဲ့ကြပြီး၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ဂျပန်နိုင်ငံသို့ တရုတ်နိုင်ငံမှ လာရောက်မှုမှာ ၃၆.၅ ရာခိုင်နှုန်း၊ တောင်ကိုရီးယားနိုင်ငံမှ လာရောက်မှုမှာ ၈ ရာခိုင်နှုန်းနှင့်ထိုင်ဝမ်မှ လာရောက်မှုမှာ ၁၀ ရာခိုင်နှုန်းအသီးသီးများပြားခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ဟောင်ကောင်မှ ဂျပန်နိုင်ငံသို့ လာရောက်မှုမှာ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၈.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့်ဇူလိုင်လတွင် ဟောင်ကောင်မှ ဂျပန်နိုင်ငံသို့ လာရောက်မှုမှာ ၃၆.၉ ရာခိုင်နှုန်းကျဆင်းခဲ့ရာမှ တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ပထမ ၈ လတာကာလအတွင်း ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည် လာရောက်မှုမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၈.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၂၈.၄ သန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News