International News

ကမ္ဘာ့စိန်ခေါ်မှုများကို ကြံ့ကြံ့ခံကျော်လွှားပြီး ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံးကုန်သွယ်မှုဗဟိုချက်အဖြစ် ဟောင်ကောင်‌တက်လှမ်းနိုင်ခဲ့

Last Updated:

ဟောင်ကောင်ဒေသသည် ကမ္ဘာ့စိန်ခေါ်မှုများကိုကြံ့ကြံ့ခံကျော်လွှားပြီး ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံးကုန်သွယ်မှုဗဟိုချက်အဖြစ် တက်လှမ်းနိုင်ခဲ့ကြောင်း သတင်းဆောင်းပါးကို "Hong Kong climbs to world’s fifth-largest trading hub as resilience defies global challenges" ခေါင်းစဉ်ဖြင့် The Standard သတင်းဌာန၏ အွန်လိုင်းသတင်းတွင် ဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ နောက်ဆုံးထုတ်ပြန်ချက်အရ ဟောင်ကောင်သည် ၂၀၂၅ ခုနှစ်တွင် အဆင့် ၂ ဆင့်ထပ်မံတက်လှမ်းနိုင်ခဲ့ပြီး ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံးကုန်စည်ကုန်သွယ်မှုနယ်မြေအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း၊ ဟောင်ကောင်၏စုစုပေါင်းကုန်စည်ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့်နှစ်ထက် ၁၇.၅ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁,၅၈၅ ဘီလီယံ(ကမ္ဘာ့ကုန်သွယ်မှုစုစုပေါင်း၏ ၃ ရာခိုင်နှုန်း)အထိရှိလာခဲ့ရာ တရုတ်ပြည်မကြီး၊ အမေရိကန်၊ ဂျာမနီနှင့် နယ်သာလန်တို့၏နောက်တွင် ကပ်လျက်ရပ်တည်နေခြင်းဖြစ်ကြောင်း၊ ဟောင်ကောင်မြို့သည် ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံးကုန်စည်တင်ပို့သည့်ဒေသအဖြစ်လည်းကောင်း၊ ဆဌမမြောက်အကြီးဆုံးကုန်စည် တင်သွင်းသည့်ဒေသအဖြစ်လည်းကောင်း ရပ်တည်နေပြီး ဤကဏ္ဍနှစ်ခုလုံးတွင် ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက အဆင့် ၃ ဆင့်စီသိသိသာသာတိုးတက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွင်းရေးမှူး Algernon Yau Ying-wah ကပထဝီနိုင်ငံရေးတင်းမာမှုများနှင့် ကုန်သွယ်မှုအကာအကွယ်ပေးရေးဝါဒ(Trade Protectionism)ကဲ့သို့သောကမ္ဘာ့စိန်ခေါ်မှုများ ကြုံတွေ့နေရသော်လည်း ဟောင်ကောင်၏ ပြည်ပကုန်သွယ်မှုသည် ဆက်လက်ခိုင်မာနေဆဲဖြစ်ကြောင်း၊ ၎င်းအောင်မြင်မှုသည် လွတ်လပ်သောကုန်သွယ်မှုမူဝါဒများနှင့် "တစ်နိုင်ငံ၊ စနစ်နှစ်မျိုး"မူဘောင်အောက်ရှိ ထူးခြားသောအဖွဲ့အစည်းဆိုင်ရာ အားသာချက်များကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသအစိုးရအနေဖြင့် စီးပွားရေးကွန်ရက်များတိုးချဲ့ခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးခြင်းစသည့် မဟာဗျူဟာမြောက်လုပ်ငန်းစဉ်များကြောင့် ဤကဲ့သို့ကုန်သွယ်မှုကဏ္ဍတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာနိုင်ခြင်းဖြစ်ပြီး ထိုတိုးတက်မှုအရှိန် အဟုန်သည် ၂၀၂၆ ခုနှစ်သို့ ဆက်လက်စီးဆင်းလာခဲ့ပြီး ၂၀၂၆ ခုနှစ်၏ ပထမဆုံး နှစ်လတာကာလအတွင်း ပို့ကုန်ပမာဏသည် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၂၉.၆ ရာခိုင်နှုန်းအထိ သိသိသာသာထပ်မံမြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါ သည်။

ဟောင်ကောင်‌ဒေသသည် ကုန်စည်ကုန်သွယ်မှုကဏ္ဍတွင်သာမက ဝန်ဆောင်မှုကုန်သွယ်မှုကဏ္ဍတွင်လည်း အမေရိကန်ဒေါ်လာ ၂၁၁ ဘီလီယံဖြင့် ကမ္ဘာ့အဆင့် ၂၂ နေရာ၌ ရပ်တည်နေကြောင်း၊ တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းနှင့်အညီ ဟောင်ကောင်၏ ကိုယ်ပိုင်ငါးနှစ်တာလမ်းပြမြေပုံကို ရေးဆွဲလျက်ရှိကြောင်း၊ ပြည်မကြီး၏စီးပွားရေးလုပ်ငန်းများကို ကမ္ဘာသို့ချဲ့ထွင်နိုင်ရန် အဓိက ချိတ်ဆက်ပေးသူအဖြစ် ဆက်လက်ပံ့ပိုးသွားမည်ဟု ဖော်ပြထားပါသည်။

Source: https://www.thestandard.com.hk/news/article/328485/Hong-Kong-climbs-to-worlds-fifth-largest-trading-hub-as-resilience-defies-global-challenges

(ဖြိုးဖြိုးဝင်း၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News