အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး(US Trade Representative-USTR) သည် အဓမ္မခိုင်းစေမှုလုပ်အား(Forced Labor)ဖြင့်ထုတ်လုပ်ထားသော ကုန်ပစ္စည်း များတင်သွင်းမှုကို ထိရောက်စွာတားဆီးထိန်းချုပ်နိုင်ခြင်းမရှိဟု သတ်မှတ်ထားသော ဖိလစ်ပိုင်အပါအဝင် နိုင်ငံနှင့်နိုင်ငံပေါင်း ၆၀ အပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ထပ်ဆောင်းအကောက်ခွန်များချမှတ်ရန်အဆိုပြုထားသည်။ ယင်းအဆိုပြုချက် အရ ဖိလစ်ပိုင်၊ တရုတ်၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်အပါအဝင် နိုင်ငံ ၅၄ နိုင်ငံအပေါ် ၁၂.၅ ရာခိုင်နှုန်းထပ်ဆောင်းအကောက်ခွန်ချမှတ်မည်ဖြစ်ပြီး ကနေဒါ၊ ဥရောပသမဂ္ဂ(EU)၊ အင်ဒိုနီးရှား၊ မက္ကဆီကိုနှင့် ပါကစ္စတန်တို့အပေါ် ၁၀ ရာခိုင်နှုန်းထပ်ဆောင်းအကောက်ခွန်ချမှတ်ရန် အဆိုပြုထားသည်။
USTR က အဆိုပါနိုင်ငံများ၏ပျက်ကွက်မှုများသည် ကမ္ဘာတစ်ဝန်းအဓမ္မခိုင်းစေမှုလုပ်အားလျှော့ချရေးကြိုးပမ်းမှုများကိုထိခိုက်စေပြီး ဈေးနှုန်းသက်သာစွာထုတ်လုပ် နိုင်ရန် အဓမ္မခိုင်းစေမှုလုပ်အားအသုံးပြုမှုကို အားပေးရာရောက်ကာ တရားမျှတသောဈေးကွက်ယှဉ်ပြိုင်မှုကို ထိခိုက်စေကြောင်း ထောက်ပြခဲ့သည်။ ထို့ပြင် အမေရိကန်သို့တင်သွင်းသည့် အထည်အလိပ်နှင့် အဝတ်အထည်ထုတ်ကုန်များအတွက် အကောက်ခွန်သက်သာခွင့်ပေးမည့် အစီအစဉ်တစ်ရပ်ကိုလည်း အဆိုပြုထားပြီး စွမ်းအင်၊ မြေရှားသတ္တု၊ အမဲသား၊ ကော်ဖီ၊ ဟင်းသီး ဟင်းရွက်အချို့၊ ဆေးဝါး၊ သဘာဝမြေဩဇာနှင့် လေယာဉ်အစိတ်အပိုင်းများကဲ့သို့ ကုန်ပစ္စည်းအချို့ကို အကောက်ခွန်ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Foreign Buyers Association of the Philippines (FOBAP)ဥက္ကဋ္ဌ Robert M. Young က ဖိလစ်ပိုင်ပို့ကုန်များအပေါ် အကောက်ခွန်အသစ်များချမှတ်ပါက လက်ရှိပထဝီနိုင်ငံရေးတင်းမာမှုများနှင့်ကုန်ကျစရိတ်မြင့်တက်မှုကြောင့် အခက်အခဲကြုံနေရပြီးသား ပို့ကုန်လုပ်ငန်းများအတွက် “နောက်ဆုံးထိုးနှက်ချက်”ဖြစ်လာနိုင်ပြီး ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းလည်း ပိုမိုကျဆင်းကာ အမေရိကန်ဝယ်ယူသူများ၏ ဝယ်ယူရေးအစီအစဉ်များမှ ဖယ်ရှားခံရနိုင်ကြောင်း သတိပေးခဲ့သည်။ သို့သော် FOBAP အဖွဲ့ဝင်များသည် လွတ်လပ်သောကုန်သွယ်ရေးဇုန်များနှင့်အထူးစီးပွားရေးဇုန်များတွင် လုပ်ကိုင်ကာ အလုပ်သမားဥပဒေလိုက်နာမှုအောက်တွင်ရှိပြီး အမေရိကန်ဝယ်ယူသူများနှင့်ချုပ်ဆိုသည့်စာချုပ်တိုင်းတွင် နိုင်ငံတကာဥပဒေလိုက်နာမှုအာမခံချက်များပါဝင်ကြောင်းလည်း ၎င်းကရှင်းလင်းခဲ့သည်။ တစ်ဖက်တွင် Federation of Free Workers ဥက္ကဋ္ဌ Jose Sonny G. Matula က USTR ၏ တွေ့ရှိချက်များသည် ဖိလစ်ပိုင်အစိုးရအတွက် အလုပ်သမားစစ်ဆေးရေးနှင့် supply chain စောင့်ကြည့်ထိန်းချုပ်မှုစနစ်များကို ပိုမိုအားကောင်းစေရန်သတိပေးချက်ဖြစ်ကြောင်း၊ အဓိကပြဿနာမှာ အဓမ္မခိုင်းစေမှုလုပ်အားရှိ/မရှိသာမဟုတ်ဘဲ အစိုးရဌာနများအနေဖြင့် ယင်းကိစ္စများကို ထိရောက်စွာ ရှာဖွေဖော်ထုတ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် ကာကွယ်တားဆီးနိုင်ခြင်းရှိ/မရှိဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
Source: https://bworldonline.com/top-stories/2026/06/04/754268/ philippines-may-face-new-us-tariffs/
(အိသဇင်စိုး၊ စီးပွားရေးသံမှူး၊ မနီလာမြို့)