ထိုင်းနိုင်ငံ၊ စီးပွားရေးလုပ်ငန်းများကို ကူညီပေးရန် အထူးလုပ်ငန်းအဖွဲ့ကို စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းထားခဲ့ပြီး လက်တင်အမေရိကရှိ လုပ်ငန်းချိတ်ဆက်ခြင်းပွဲများမှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အထူးလုပ်ငန်းအဖွဲ့ဖွဲ့စည်းထားရှိဆောင်ရွက်ခြင်းသည် ထိုင်းလုပ်ငန်းရှင်များအတွက် ကုန်သွယ်ရေးအခွင့်အလမ်းသစ်များကိုဖန်တီးပြီး ဈေးကွက်သစ်များရှာဖွေရန်ရည်ရွယ်ပါကြောင်း၊ ကနဦးဦးတည်ဆောင်ရွက်မည့်ဒေသ ၄ ခုမှာ လက်တင်အမေရိကန်၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှတို့ဖြစ်ပြီး ယခုနှစ် ဩဂုတ် လမှ စက်တင်ဘာလအထိဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပထမဆုံးပွဲမှာ အာဂျင်တီးနား Buenos Aires တွင်ကျင်းပသည့်ပွဲဖြစ်ပြီး ယင်းပွဲ၌ အာဂျင်တီးနားသွင်းကုန်လုပ်ငန်းရှင်များနှင့် ထိုင်းလုပ်ငန်းရှင်များအကြား လုပ်ငန်းချိတ်ဆက်မှုဆောင်ရွက်ခဲ့ပါကြောင်း အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် Mr. Pornvit Silaon က ပြောကြားခဲ့သည်။
ခရီးစဉ်တွင် ထိုင်းနိုင်ငံရှိ မော်တော်ယာဉ်၊ အီလက်ထရောနစ်၊ ဆောက်လုပ်ရေးပစ္စည်းများ၊ အစားအစာနှင့် အဖျော်ယမကာ၊ တိရစ္ဆာန်အစာ စသည့်ကဏ္ဍများမှ လုပ်ငန်းရှင်များပါဝင်ပြီး အာဂျင်တီးနားသွင်းကုန်လုပ်ငန်းရှင် ၇၉ ဦးနှင့်တွေ့ဆုံခဲ့ရာလုပ်ငန်းချိတ်ဆက်မှု ၃၂၀ ခုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုင်းကိုယ်စားလှယ်အဖွဲ့သည် ချီလီနှင့်ဘရာဇီးသို့ ဆက်လက်သွားရောက်မည်ဖြစ်ပြီး လက်တင်အမေရိက ၃ နိုင်ငံတွင် ကုန်သွယ်မှုတန်ဖိုး ဘတ် ၄၀၀ သန်းရရှိနိုင်ရန်မျှော်မှန်းထားပါကြောင်း၊ ထို့ပြင် လျှပ်စစ်အသုံးအဆောင်များ၊ လူနေမှုပုံစံထုတ်ကုန်များ၊ ဆောက်လုပ်ရေး၊ ဟိုတယ်လုပ်ငန်းနှင့်အိမ်ခြံမြေဖော်ဆောင်ရေးလုပ်ငန်းတို့မှအာဂျင်တီးနားသွင်းကုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသွားရန်ရှိကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။
ကုန်သွယ်ဖက်နိုင်ငံများနှင့် အခွန်ညှိနှိုင်းမှုများနှင့် လွတ်လပ်သောကုန်သွယ်ရေးစာချုပ်ဆိုင်ရာ ညှိနှိုင်းမှုများရှိသော Buenos Aires ၏ကုန်သွယ်ရေးမူဝါဒများကြောင့် ထိုင်းနှင့် အာဂျင်တီးနားတို့အကြား ကုန်သွယ်ရေးအခွင့်အလမ်းများသည် အပြုသဘောဆောင်ပါကြောင်း၊ တောင်အမေရိကန်များသည် ထိုင်းထုတ်ကုန်များ ၏အရည်အသွေးကို ယုံကြည်မှုရှိပါကြောင်း၊ ၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁.၀၈ ဘီလီယံရှိခဲ့ပြီး ၂၁.၃ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ ပါကြောင်း၊ ထိုင်းနိုင်ငံသည် အာဂျင်တီးနားအတွက် မော်တော်ယာဉ်အစိတ်အပိုင်းများတွင် အဓိကထောက်ပံ့ပေးသူဖြစ်ကြောင်း၊ ထိုင်းအီလက်ထရောနှင့် အစားအသောက်ထုတ်ကုန်များသည် အာဂျင်တီးနားတွင် ဝယ်လိုအားရှိပါကြောင်း ညွှန်ကြားရေးမှူးချုပ် Mr. Pornvit က သုံးသပ်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)