International News

အိန္ဒိယနိုင်ငံအပေါ် ချမှတ်သည့် အခွန်များက ယူကရိန်းနိုင်ငံငြိမ်းချမ်းရေးအတွက် အရေးပါဟု အမေရိကန်တရားရုံးချုပ်သို့ Trump အစိုးရအဖွဲ့ပြောကြား

Last Updated:

အမေရိကန်သမ္မတ Donald Trump ၏ အစိုးရအဖွဲ့က အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံများအပေါ် အကောက်ခွန်များစည်းကြပ်ကောက်ခံခြင်းသည် အမေရိကန်ပြည်ထောင်စုအား ကုန်သွယ်မှုဆိုင်ရာ လက်တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရစေမည်ဖြစ်ပြီး ပြည်ပတွင် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမှုများကို ထိခိုက်စေမည်ဟု တရားရုံးစာရွက်စာတမ်းများတွင် သတိပေးဖော်ပြခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတရားရုံးချုပ်သို့ အယူခံဝင်ရာတွင် ရှေ့နေချုပ် John Sauer က အောက်ရုံးက တရားမဝင်ဟုဆုံးဖြတ်ခဲ့သော အခွန်များကို တရားရုံးချုပ် တရားသူကြီးများအနေဖြင့် ထိန်းသိမ်းပေးရန် တိုက်တွန်းခဲ့ကြောင်း India Today သတင်းဌာနမှ ယခုလ ၄ ရက်က ဖော်ပြသည်။ "ဤအမှု၏ အရေးပါမှုက အလွန်မြင့်မားသည်" ဟု အဆိုပါတင်ပြချက်တွင် ဖော်ပြထားပြီး အခွန်များကို ယူကရိန်းနိုင်ငံငြိမ်းချမ်းရေးအတွက် အမေရိကန်၏တွန်းအားပေးမှုတွင် အရေးပါသော ရှုထောင့်တစ်ရပ်အဖြစ် ယူဆနိုင်ပြီး၊ နိုင်ငံ့စီးပွားရေးဘေးအန္တရာယ်ကျရောက်မှုမှ ကာကွယ်ပေးသည့်အရာအဖြစ် ဖော်ပြခဲ့ကြောင်း သိရသည်။

"ရုရှား၏ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ရှိပြီးသားအမျိုးသားရေးဆိုင်ရာ အရေးပေါ်အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အိန္ဒိယနိုင်ငံအပေါ် ရုရှားစွမ်းအင်ထုတ်ကုန်များဝယ်ယူမှုကြောင့် အကောက်ခွန်များချမှတ်ရန် ကျွန်တော်တို့ မကြာသေးမီကဆောင်ရွက်ခဲ့သည်"ဟု Trump အစိုးရအဖွဲ့က ရေးသားဖော်ပြခဲ့ပြီး ၎င်းတို့ကိုဖယ်ရှားခြင်းသည် "အမေရိကန်ပြည်ထောင်စုကို စီးပွားရေးဘေးအန္တရာယ်၏ အစွန်းသို့ တွန်းပို့လိမ့်မည်" ဟုလည်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရအဖွဲ့သည် Trump ၏နိုင်ငံများစွာအပေါ် ပိုမိုကျယ်ပြန့်သော လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကုန်သွယ်မှုလိုငွေပြမှုကိုကိုးကား၍ အိန္ဒိယနိုင်ငံအပေါ် ၂၅ ရာခိုင်နှုန်းသောအခွန်ကို မကြာသေးမီက ချမှတ်ခဲ့သည်။ ၎င်း၏ရေနံကုန်သွယ်မှုဆိုင်ရာ ပတ်သက်ဆက်နွယ်မှုများကို အဆုံးသတ်ရန် အမေရိကန်ပြည်ထောင်စု၏ဖိအားကို လိုက်နာရန်ငြင်းဆန်မှုအတွက် နောက်ထပ် ၂၅ ရာခိုင်နှုန်းအခွန်အား ထပ်မံချမှတ်ခဲ့သည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံအပေါ် ချမှတ်ထားသော စုစုပေါင်းအခွန်သည် ယခုအခါ ၅၀ ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။

Trump ၏တရားရုံးချုပ်သို့ အရေးပေါ်အယူခံဝင်မှုသည် ဖက်ဒရယ်စီရင်စုဆိုင်ရာ အမေရိကန်အယူခံတရားရုံး(US Court of Appeals for the Federal Circuit) ၏ ၇-၄ ဆုံးဖြတ်ချက်အပြီးတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၎င်းဆုံးဖြတ်ချက်အရ Trump သည် ကျယ်ပြန့်သောအခွန်များချမှတ်ရန် အရေးပေါ်စီးပွားရေးအာဏာများကိုအသုံးပြုခြင်းဖြင့် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။ အစိုးရအဖွဲ့ကမူ အဆိုပါအစီအမံများသည် နိုင်ငံများကို ဝါရှင်တန်နှင့် ကုန်သွယ်မှုမူဘောင်အသစ်များဆောင်ရွက်ရန် တွန်းပို့လျက်ရှိစဉ် "ငြိမ်းချမ်းရေးနှင့် မကြုံစဖူး စီးပွားရေးသာယာဝပြောမှု" ကို မြှင့်တင်ပေးနေသည်ဟု ချေပပြောကြားခဲ့ကြောင်း သိရသည်။

"အခွန်များရှိလျှင် အမေရိကန်ပြည်ထောင်စုသည် ကြွယ်ဝသောနိုင်ငံဖြစ်ပြီး၊ အခွန်များမရှိလျှင် ဆင်းရဲသောနိုင်ငံဖြစ်သည်"ဟု အဆိုပါတင်ပြချက်တွင် ဖော်ပြထား သည်။ ၎င်းက အခွန်များကို ပြန်လည်ရုပ်သိမ်းခြင်းသည် နိုင်ငံ၏ကာကွယ်ရေး-စက်မှုလုပ်ငန်းအခြေခံကို အားနည်းစေမည်၊ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံကုန်သွယ်မှုလိုငွေကို အန္တရာယ်ဖြစ်စေမည်၊ ထို့ပြင် "လက်ရှိဆောင်ရွက် လျက်ရှိသောနိုင်ငံခြားရေးရာညှိနှိုင်းမှုများအပေါ် မရေရာမှုအရိပ်မည်းကိုကျရောက် စေမည်" ဟု ပြောကြားခဲ့သည်။

အစိုးရက အဆိုပါအခွန်များကြောင့် "အဓိကကုန်သွယ်ဖက် ၆ နိုင်ငံနှင့် ၂၇ နိုင်ငံပါဝင်သော ဥရောပသမဂ္ဂတို့သည် မူဘောင်ဆိုင်ရာသဘောတူညီချက်များကို ချုပ်ဆိုပြီးဖြစ်သည်"ဟုပြောကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာလုံးဆိုင်ရာအနေအထားကို ခိုင်မာစေကြောင်း ပြောကြားခဲ့သည်။

"အမေရိကန်ပြည်ထောင်စုသည် လွန်ခဲ့သောတစ်နှစ်က သေဆုံးနေသောနိုင်ငံဖြစ်ခဲ့ပြီး၊ ယခုအခါ တစ်ချိန်က ကျွန်တော်တို့ကို အလွန်အမင်းအလွဲသုံးစားလုပ်ခဲ့သော နိုင်ငံများက ပေးဆောင်နေသည့် ထရီလီယံပေါင်းများစွာသော ဒေါ်လာများကြောင့် အမေရိကန်ပြည်ထောင်စုသည် ခိုင်မာသော၊ ငွေကြေးအရ တည်တံ့သော၊ လေးစားခံရသော နိုင်ငံတစ်နိုင်ငံပြန်ဖြစ်လာပြီ" ဟု အဆိုပါတင်ပြချက်တွင် ဖော်ပြထားကြောင်း သိရသည်။

Trump အစိုးရအဖွဲ့က သမ္မတသည် ပြည်ထောင်စုဥပဒေအရ ကျယ်ပြန့်သောသွင်းကုန်ခွန်များကို ချမှတ်ရန် အခွင့်အာဏာရှိကြောင်း လျင်မြန်စွာဆုံးဖြတ်ပေးဖို့ တရားသူကြီးများအား တိုက်တွန်းခဲ့ပြီး သမ္မတ Trump ၏အခွန်အများစုကို အရေးပေါ်အာဏာများတရားမဝင်အသုံးပြုမှုအဖြစ် သတ်မှတ်ခဲ့သော အယူခံတရားရုံး၏ ဆုံးဖြတ်ချက်ကို စိန်ခေါ်ခဲ့ကြောင်း သိရသည်။

အယူခံတရားရုံးတရားသူကြီးအများစုက ၁၉၇၇ ခုနှစ် နိုင်ငံတကာအရေးပေါ်စီးပွား ရေးအာဏာများအက်ဥပဒေအရ သမ္မတအား အခွန်များသတ်မှတ်ရန် လွှတ်တော်၏ အခွင့်အာဏာကို ကျော်လွန်၍ ခွင့်မပြုကြောင်း ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ကန့်ကွက်သော တရားသူကြီးများကမူ အဆိုပါဥပဒေသည် သမ္မတအား အရေးပေါ်အခြေအနေများအတွင်း ရှင်းလင်းမြင်သာသော ကန့်သတ်ချက်များမရှိဘဲ သွင်းကုန်တင်သွင်းမှုများကို ထိန်းချုပ်ခွင့်ပြုသည်ဟု ငြင်းဆိုခဲ့ကြောင်း သိရသည်။

Trump အစိုးရအဖွဲ့သည် ကုန်သွယ်ရေးမညီမျှမှုများ၊ အချို့သောကုန်ပစ္စည်းများ အမေရိကန်ပြည်ထောင်စုသို့ စီးဝင်မှုကို ထိန်းချုပ်နိုင်စွမ်းမရှိခြင်းနှင့် အခြားသောစိုးရိမ်ပူပန်မှုများကိုကိုးကား၍ အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံများစွာအပေါ် အကောက်ခွန်အများအပြားကို ချမှတ်ဆောင်ရွက်ခဲ့သည်။ အချို့နိုင်ငံများသည် ဝါရှင်တန်နှင့် ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်များ ရရှိခဲ့ပြီးဖြစ်သော်လည်း အခြားနိုင်ငံများ၏ညှိနှိုင်းမှုများမှာ ရှေ့ဆက်၍မတိုးနိုင်ဖြစ်နေသည်ကို တွေ့ရှိရကြောင်းနှင့် အချို့အခွန်များမှာလည်း စတင်အာဏာသက်ဝင်နေပြီဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်မှုသဘောတူညီချက်ရရှိရန် တက်ကြွစွာဆွေးနွေးခဲ့သည်။ သို့ရာတွင် အိန္ဒိယနိုင်ငံ၏ ရုရှားနှင့် ကုန်သွယ်မှုဆက်လက်ပြုလုပ်ခြင်းနှင့် ၎င်း၏စိုက်ပျိုးရေးနှင့် နို့ထွက်ပစ္စည်းဈေးကွက်များကို အမေရိကန်ပြည်ထောင်စုသို့ အပြည့်အဝဖွင့်လှစ်ပေးရန်ငြင်းဆန်မှုတို့ကြောင့် ဆွေးနွေးပွဲများ မကြာသေးမီက ရပ်တန့်သွားခဲ့ကြောင်း သတင်းများအရ သိရသည်။

Source:    India Today, Exclusive: Tariffs on India vital for Ukraine peace, Team Trump tells US top court, September 5, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News