ယူအေအီးနိုင်ငံအခြေစိုက် DP World ထောက်ပံ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် မော်ရိုကိုမှ လတ်ဆတ်သောထွက်ကုန်များတင်ပို့မှုကို ဗြိတိန်နှင့်မြောက်ဥရောပဒေသများဆီသို့ သယ်ယူပို့ဆောင်သည့်ဝန်ဆောင်မှုအသစ်ဖြင့် ကာဗွန်ထုတ်လွှတ်မှု ၇၀ % ကို ဖြတ်တောက်ကာ ဖြတ်သန်းချိန်များကို နှစ်ရက်တာကာလအထိလျှော့ချပေးနိုင်မည့် ဝန်ဆောင်မှုအသစ်ဖြင့် ပြောင်းလဲဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိပါသည်။
အဆိုပါ Atlas ဝန်ဆောင်မှုသည် သီးသန့်ရေယာဉ်နှစ်စင်းကိုအသုံးပြု၍ မော်ရိုကိုနိုင်ငံရှိ Agadir မြို့နှင့် Casablanca မြို့တို့အား ဗြိတိန်နိုင်ငံရှိ London Gateway ဆိပ်ကမ်းနှင့်ဘယ်လ်ဂျီယံနိုင်ငံရှိ Antwerp Gateway ဆိပ်ကမ်းတို့ကို ချိတ်ဆက်ပေးမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါလမ်းကြောင်းသည် နှစ်စဉ်သစ်သီး ဝလံနှင့်ဟင်းသီးဟင်းရွက်တန်ချိန် ၁၅၀,၀၀၀ အထိသယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်ပြီး လက်လီရောင်းချသူများနှင့် စားသုံးသူများအား စျေးနှုန်းသက်သာစွာဖြင့် လတ်ဆတ်သောထုတ်ကုန်များကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။
ကုန်းတွင်းလမ်းမှ ပင်လယ်ရေကြောင်းလမ်းဆီသို့ ကုန်စည်များကိုရွှေ့ပြောင်းသယ်ယူပို့ဆောင် ခြင်းအားဖြင့် အဆိုပါဝန်ဆောင်မှုသည်ကီလိုမီတာ ၃,၀၀၀ ကျော်ရှည်လျားသည့် ကုန်းတွင်းလမ်း တစ်လျှောက်နှောင့်နှေးမှုများ၊ ယာဉ်ကြောပိတ်ဆို့မှုများနှင့် နယ်စပ်ပြဿနာများကို ရှောင်ရှားပေးနိုင်မည်ဖြစ်ပါသည်။ ခရမ်းချဉ်သီးနှင့် ဘလူးဘယ်ရီကဲ့သို့သောနူးညံ့သော ကုန်စည်ပစ္စည်းများအား သိမ်မွေ့စွာကိုင်တွယ်ခြင်းမှ အကျိုးကျေးဇူးကိုရရှိနိုင်မည်ဖြစ်ပြီး ဓာတ်ငွေ့ထုတ်လွှတ်မှုအနေဖြင့် တစ်တန် - တစ်ကီလိုမီတာလျှင် CO₂ ဓာတ်ငွေ့ ၂၅၀ ကီလိုဂရမ်အထိ ကျဆင်းသွားမည်ဖြစ်ပါသည်။
DP World လုပ်ငန်းသည် ထောက်ပံ့ရေးကွင်းဆက်ကို အပြည့်အဝပံ့ပိုးပေးနိုင်စေရန်အတွက် ၎င်း၏ CARGOES ဒစ်ဂျစ်တယ်လမ်းကြောင်းမှပံ့ပိုးပေးထားသော ခေတ်မီအအေးခန်းကွန်တိန်နာပေါင်း ၁,၂၅၀ နှင့်အပိုကုန်ခြောက်တင်တင်သင်္ဘောများတွင် ရင်းနှီးမြှုပ်နှံထားရှိပါသည်။ အဆိုပါဝန်ဆောင်မှုသည် Tangier-Algeciras ရေကြောင်းလမ်းနှင့် Calais-Dover ရေကြောင်းလမ်းများကိုဖြတ်ကျော်ခုတ်မောင်းကာ ပို့ကုန်လုပ်ငန်းရှင်များအတွက် ပိုမိုယုံကြည်စိတ်ချရပြီး ရေရှည်တည်တံ့သော အခြားရွေးချယ်စရာတစ်ခုအဖြစ် ပေးဆောင်ပံ့ပိုးထားပါသည်။
မော်ရိုကိုနိုင်ငံသည်အနောက်ဥရောပသို့ သစ်သီးနှင့်ဟင်းသီးဟင်းရွက်တန်ချိန် ၆.၅ သန်းကျော်ကို တင်ပို့လျက်ရှိပြီး တစ်နှစ်ထက်တစ်နှစ်ပမာဏမှာ ၂၀ % ပိုမိုများလာလျက်ရှိပါသည်။ ကုန်သွယ်မှုသဘောတူညီချက်များနှင့်ပံ့ပိုးပေးသောမူဝါဒများသည်လည်း တိုးချဲ့လာသည့်စျေးကွက်အတွက် ရေကြောင်းကုန်စည်ပို့ဆောင်မှုကို အချိန်နှင့်တစ်ပြေးညီရွေးချယ်နိုင်စေခဲ့ပါသည်။
DP World Europe ၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ Rashid Abdulla က ဤဝန်ဆောင်မှုသည် ကုန်ကျစရိတ်သက်သာပြီး ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချပေးကာ အရည်အသွေးမြင့်ထုတ်ကုန်များကို သေချာစေရန်အတွက် "ယုံကြည်စိတ်ချရမှု၊ အမြန်ဖြတ်သန်းချိန်များနှင့် ခေတ်မီသောအိုင်တီလမ်းကြောင်း" တို့ကိုပေါင်းစပ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါဝန်ဆောင်မှုကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် မော်ရိုကိုနိုင်ငံရှိ Agadir မြို့တွင် တရားဝင်စတင်မိတ်ဆက်သွားမည်ဖြစ်ကြောင်း သတင်းဖော်ပြထားပါသည်။
News Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)