International News

အမေရိကန်ပြည်ထောင်စု၏ စည်းကြပ်ခွန်မြှင့်တင်မှုနှင့်ရင်ဆိုင်နေရသော တောင်ကိုရီးယားနိုင်ငံ၏ အဓိကစက်မှုလုပ်ငန်းကဏ္ဍများအား ဘဏ္ဍာရေးအထောက်အပံ့များ ပံ့ပိုးပေးရန် စီစဉ်ဆောင်ရွက်

Last Updated:

အမေရိကန်ပြည်ထောင်စု၏ စည်းကြပ်ခွန်မြှင့်တင်မှုနှင့် ရင်ဆိုင်နေရသောတောင်ကိုရီးယားနိုင်ငံ၏ အဓိကစက်မှုလုပ်ငန်းကဏ္ဍများအား ဘဏ္ဍာရေးအထောက်အပံ့များပံ့ပိုးပေးသွားမည်ဟု ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများကော်မရှင်(Financial Services Commission-FSC)၏ ဒုတိယဥက္ကဋ္ဌ Mr. Kwon Dae-young က ၃-၉-၂၀၂၅ ရက်နေ့တွင် ကျင်းပသည့်အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

FSC ဆိုသည်မှာ တောင်ကိုရီးယားနိုင်ငံရှိ ထိပ်တန်းဘဏ်အုပ်စုများဖြစ်ကြသည့် KB ဘဏ်၊ Shinhan ဘဏ်၊ Hana ဘဏ်၊ Woori ဘဏ်နှင့် NH NongHyup ဘဏ်တို့ဖြင့်ဖွဲ့စည်းထားသည့် ကော်မရှင်ဖြစ်ပါသည်။ FSC သည် တောင်ကိုရီးယားဝမ်ငွေ ၉၅ ထရီလီယံ(အမေရိကန်ဒေါ်လာ ၆၈ ဘီလီယံ)ကို အမေရိကန်ပြည်ထောင် စု၏စည်းကြပ်ခွန်မြှင့်တင်မှုနှင့် ရင်ဆိုင်နေရသော တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ထောက်ပံ့မည့်ပုံစံမှာ အဆိုပါ လုပ်ငန်းများအတွက် အတိုးနှုန်းနည်းနည်းဖြင့် ချေးငွေထုတ်ပေးခြင်း၊ ပို့ကုန်တင်ပို့ရာတွင် အထောက်အပံ့ပေးခြင်းနှင့် တီထွင်ဖန်တီးမှုကဦးဆောင်သည့်ဖွံ့ဖြိုးတိုးတက်မှု(Innovation-Led Growth)ကို မြှင့်တင်ပေးခြင်းတို့ဖြစ်ပါကြောင်း FSC မှ အရာထမ်းများက ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံအစိုးရသည် အမေရိကန်ပြည်ထောင်စုအစိုးရနှင့် စည်းကြပ်ခွန်ဆိုင်ရာမူဝါဒများဆွေးနွေးရာတွင် အဓိကစက်မှုကုန်စည်အချို့အတွက်စည်းကြပ် ခွန်ကိုသာ ၂၅ ရာခိုင်နှုန်းမှ ၁၅  ရာခိုင်နှုန်းအထိလျှော့ချရေးညှိနှိုင်းနိုင်ခဲ့သော်လည်း စတီးလ်နှင့် အလူမီနီယံအပါအဝင် ကုန်စည်အမျိုးအစား ၄၀၀ ကျော်အတွက် စည်းကြပ်ခွန်သည် ၅၀ ရာခိုင်နှုန်းအထိရှိနေဆဲဖြစ်ပါသည်။ သို့ဖြစ်၍ အဆိုပါကုန်စည်များထုတ်လုပ်သည့်လုပ်ငန်းများအတွက် အခြေခံလိုအပ်ချက်များကို ထောက်ပံ့ပေးမည်ဖြစ်သည့်အပြင် မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာထိခိုက်ခံစားရမှုများကို ကြံ့ကြံ့ခံနိုင်ရေးအတွက် ဘက်စုံပါဝင်သောဘဏ္ဍာရေးအထောက်အပံ့များပေးသွားရန် စီစဉ်ခြင်းဖြစ်ကြောင်း အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် နိုင်ငံပိုင်ဘဏ်များဖြစ်သည့် ကိုရီးယားဖွံ့ဖြိုးတိုးတက်ရေးဘဏ်(Korea Development Bank)၊ ကိုရီးယားပို့ကုန်/သွင်းကုန်ဘဏ် (Export-Import Bank of Korea) နှင့် Korea Asset Management Corp တို့ကလည်းတက်ရောက်ခဲ့ကြပါသည်။ အဆိုပါဘဏ်များကလည်း ကိုရီးယားဝမ်ငွေ ၁၇၂ ထရီလီယံပါဝင်ထောက်ပံ့ပေးမည်ဖြစ်သည့်အတွက် လာမည့်နှစ်အထိရန်ပုံငွေသည် စုစုပေါင်းဝမ်ငွေ ၂၆၇ ထရီလီယံအထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း FSC က ထုတ်ပြန်ခဲ့ပါသည်။

FSC တွင် ပါဝင်သည့် KB Financial Group သည် “ထုတ်လုပ်မှုကဏ္ဍမှ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs)နှင့် Hyundai Motor နှင့် Kia  ကားကုမ္ပဏီများအတွက် အစိတ်အပိုင်းများထုတ်လုပ်ပေးသည့်လုပ်ငန်းငယ်လေးများ” ကို အနိမ့်ဆုံးအတိုးနှုန်းဖြင့် ချေးငွေထုတ်ချေးပေးမည်ဖြစ်ပါကြောင်း၊ Shinhan Financial Group ကလည်း တီထွင်ဖန်တီးမှုကို ဦးစားပေးသည့်စီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာအခွင့်အလမ်းများတိုးချဲ့ပေးရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် အစိုးရက သတ်မှတ်ထားသည့်စက်မှုဇုံများတွင် ရုံးများနှင့် အဆောက်အအုံများရှိနှင့်နေပြီး အမျိုးသားအဆင့်မဟာဗျူဟာလုပ်ငန်းများအတွက် ကုန်ပစ္စည်းထုတ်လုပ်ပေးသူများနှင့် နည်းပညာဖွံ့ဖြိုးရေးဆောင်ရွက်ပေးသူများအတွက် Financial Products(ဥပမာအားဖြင့် အစုရှယ်ယာများနှင့် စာချုပ်ကဲ့သို့သောဘဏ္ဍာရေးဆိုင်ရာထုတ်ကုန်များ)ကိုမိတ်ဆက်ပေးမည်ဖြစ်ပါကြောင်း၊  Hana Financial Group ကလည်း ကားထုတ်လုပ်သူများပို့ကုန်တင်ပို့မှုတွင် ယှဉ်ပြိုင်နိုင်စွမ်းအားမြင့်မားစေရန် ကူညီသွားမည်ဖြစ်ပါကြောင်းနှင့်  Woori Financial Group  သည် ပို့ကုန်တင်ပို့သူများအတွက်  ငွေကြေးဆိုင်ရာ ကုန်ကျစရိတ်များကို လျှော့ချပေးပြီး ပြန်လည်ငွေဖော်နိုင်စွမ်း(Liquidity)ကို အထောက်အပံ့ပေးရေး  ဦးစားပေးသွားမည်ဖြစ်ပါကြောင်းနှင့် NH NongHyup Financial Group ကလည်း “အပေါင်ပစ္စည်းဖြင့် ငွေချေးစာချုပ်အစီအစဉ်များ”ကို အဓိကအားဖြင့် တိုးချဲ့ဆောင်ရွက်နေပါကြောင်း၊ အဆိုပါအစီအစဉ်သည် SMEs များ ရန်ပုံငွေများရရှိစေရေး အထောက်အပံ့တစ်ခုပင်ဖြစ်ပါကြောင်း ဒုတိယဥက္ကဋ္ဌ Mr. Kwon Dae-young က ပြောကြားခဲ့ပါသည်။

အစိုးရဘဏ်များနှင့် FSC တို့၏ ဘဏ္ဍာရေးအထောက်အပံ့များသည် စီးပွားရေးလုပ်ငန်းများကို ရေတိုအသက်ရှင်ရပ်တည်မှုထက် ကျော်လွန်အောင် ကူညီပေးနိုင်မည်ဟုယုံကြည်ကြောင်း FSC ၏ဒုတိယဥက္ကဋ္ဌ Mr. Kwon Dae-young အလေး ထားပြောကြားခဲ့ပါသည်။ ထို့ပြင် လုပ်ငန်းများကြီးထွားမှုအသစ်အတွက်ခိုင်မာသည့် အုတ်မြစ်(Solid Foundation For New Growth)ကို ချပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတွင်းရှိ စက်မှုလုပ်ငန်းများသည်လည်း လက်ရှိအကျပ်အတည်းကာလကို ကျော်လွှားနိုင်ကာ ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်နိုင်မည်ဟု ယုံကြည် ကြောင်း Mr. Kwon Dae-young က ထပ်လောင်းပြောကြားခဲ့ပါသည်။

နိုင်ငံပိုင်ဘဏ်များက ပါဝင်ထောက်ပံ့ပေးမည်ဖြစ်သည့် ကိုရီးယားဝမ်ငွေ ၁၇၂ ထရီလီယံအနက် ဝမ် ၃၆.၃ ထရီလီယံကို ရေတိုအရေးပေါ်လုပ်ငန်းများအတွက် သုံးစွဲသွားမည်ဖြစ်ပြီး ဝမ် ၃၃.၃ ထရီလီယံကို  ပို့ကုန်အမျိုးအစားများစွာတိုးချဲ့တင်ပို့နိုင်ရေး(Export Diversification)အတွက် သုံးစွဲသွားမည်ဖြစ်ပါသည်။ ဝမ် ၉၁.၅ ထရီလီယံကို စက်မှုအဆင့်မြှင့်တင်မှုများအတွက် သုံးစွဲသွားမည်ဖြစ်ပြီး ဝမ် ၁၁ ထရီလီယံကို ကုမ္ပဏီများပြန်လည်ဖွဲ့စည်းမှုတို့အတွက် သုံးစွဲရန်ရည်ရွယ်ထားပါသည်။

Source: Korea Times

https://www.koreatimes.co.kr/economy/20250903/top-5-financial-groups-to-provide-68-bil-in-funding-for-tariff-hit-firms-through-2026

(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News