အိန္ဒိယနိုင်ငံ၊ Odisha ပြည်နယ်သည် ၎င်း၏သရက်သီးတင်ပို့သည့်နိုင်ငံများစာရင်းတွင် ပြင်သစ်နှင့်ဘယ်လ်ဂျီယံတို့ပါဝင်လာပြီးနောက် ပြည်နယ်၏စိုက်ပျိုးရေးပို့ကုန် စင်တာအဖြစ် ပေါ်ထွန်းလာမှုအတွက် အောင်မြင်မှုတစ်ခုအဖြစ် အားဖြည့်ပေးခဲ့ကြောင်းနှင့် ယခင်က သရက်သီးကို ဒူဘိုင်း၊ လန်ဒန်၊ ဘာမင်ဂမ်၊ ရောမ၊ ဗင်းနစ်နှင့် ဒပ်ဗလင်တို့အပါအဝင် ကြီးထွားလာနေသော နိုင်ငံတကာစျေးကွက်များသို့ တင်ပို့ခဲ့ကြောင်း သိရှိရသည်။
သစ်သီးဝလံပန်းမန်ဌာန(DDH)၏ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Gitashree Padhi က ပြင်သစ်နှင့် ဘယ်လ်ဂျီယံကဲ့သို့စျေးကွက်များတွင် Odisha သရက်သီးများကို တင်ပို့ရောင်းချနိုင်မှုမှာ မိမိတို့တောင်သူလယ်သမားများ၏ အလားအလာနှင့် သစ်သီးဝလံပန်းမန်ဥယျာဉ်ဂေဟစနစ်၏ ခိုင်မာမှုကို ထင်ဟပ်စေပါကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယသည် ၂၀၂၅ ခုနှစ် ဇွန်လ ပထမပတ်အတွင်း သရက်သီး ၁၁၃.၄ မက်ထရစ်တန်(MT)ကို လန်ဒန်နှင့် ဒူဘိုင်းသို့ တင်ပို့ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်မေလတွင်စတင်သည့်ဘဏ္ဍာနှစ်အတွက် Odisha ၏လယ်ယာတင်ပို့မှုပမာဏသည် တန်ချိန် ၁၀၀ နီးပါးရှိခဲ့ကြောင်းနှင့် ယင်းတင်ပို့မှုတွင် Odisha ၏ ထင်ရှားသည့်သရက်သီးများသည့် Amrapalli နှင့် Dashehari မျိုးကွဲများတင်ပို့မှု အများအပြားပါဝင်ကြောင်း သိရှိရသည်။
စျေးကွက်အသစ်များချဲ့ထွင်နိုင်ခြင်းသည် Odisha ပြည်နယ်၏ စိုက်ပျိုးမွေးမြူရေးအသိုက်အဝန်းသို့ တိုက်ရိုက်အကျိုးခံစားခွင့်များရရှိစေခဲ့ကြောင်း၊ လယ်သမားများ သည် ဈေးကွက်သို့ တိုက်ရိုက်တင်ပို့နိုင်မှု၊ အရည်အသွေးကောင်းမွန်သော စံချိန်စံညွှန်းများနှင့် လယ်ယာစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့နှင့်ပူးပေါင်းဆောင်ရွက် နိုင်မှုကြောင့် ၎င်းတို့၏ သရက်သီးစျေးနှုန်းများကို ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ပိုမိုရရှိခဲ့ကြကြောင်း သိရှိရသည်။
၂၀၂၄-၂၅ ခုနှစ်တွင် Odisha ပြည်နယ်သည် နိုင်ငံတကာဈေးကွက်(၇)ခုသို့ ဝင်ရောက်နိုင်ခဲ့ပြီး ၂၀၂၅-၂၆ ခုနှစ်၏ပထမလအနည်းငယ်တွင် အဆိုပါနိုင်ငံအရေ အတွက်နှင့် ပို့ကုန်ပမာဏနှစ်မျိုးလုံးကို ကျော်လွန်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းတိုးတက်မှုအရှိန်အဟုန်သည် Odisha ပြည်နယ်အစိုးရ၏ စိုက်ပျိုးရေးပို့ကုန်ကဏ္ဍတွင် ဗဟိုစင်တာတစ်ခုအဖြစ် ဦးဆောင်သည့် ပြည်နယ်ဖြစ်ရန် အာရုံစိုက်ကြိုးပမ်းမှုများကို ထင်ဟပ်စေပါသည်။
Source: Odisha mangoes now in France, Belgium as exports Soar, The Economic Times, 6 June, 2025.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)