တောင်ကိုရီးယားအစိုးရသည် ၂၀၃၀ ပြည့်နှစ်မတိုင်မီ အမေရိကန်ဒေါ်လာ ၁၀ သန်းနှင့်အထက်တန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်ပို့နိုင်မည့် အသေးစားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ(SMEs) ၅၀၀ ကို ဖော်ထုတ်မြှင့်တင်သွားရန် ရည်မှန်းထားကြောင်း စက်မှုဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
“K-export Star 500” အစီအစဉ်အောက်တွင် ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနသည် ပို့ကုန်အလားအလာရှိသော ကိုရီးယားကုမ္ပဏီ ၁၀၀ ကို ပထမအဆင့်အဖြစ် ရွေးချယ်ခဲ့ကြောင်း ဝန်ကြီးဌာန၏တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ ရွေးချယ်ခံရသောကုမ္ပဏီများအနက် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီ ၄၃ ခု၊ အဓိကစက်မှုကဏ္ဍမှ ကုမ္ပဏီ ၃၆ ခုနှင့် အဆင့်မြင့်နည်းပညာစက်မှု ကဏ္ဍမှ ကုမ္ပဏီ ၂၁ ခု ပါဝင်ပါသည်။
ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်နှင့် ပို့ကုန်တိုးမြှင့်နိုင်ရန်အတွက် ကုမ္ပဏီတစ်ခုလျှင် ကိုရီးယားဝမ် ၅၆၀ သန်း(အမေရိကန် ဒေါ်လာ ၃၇၅,၇၈၈ ခန့်)အထိပံ့ပိုးပေးသွားရန် စီစဉ်ထားကြောင်းသိရှိရပါသည်။ထို့အပြင် Korea Trade-Investment Promotion Agency(KOTRA)နှင့် Korea Trade Insurance Corp.တို့အပါအဝင် ပို့ကုန်ထောက်ပံ့ရေးအေဂျင်စီ ၅ ခုနှင့်ပူးပေါင်း၍ စျေးကွက်မြှင့်တင်ရေးမှစတင်ကာ ငွေကြေးထောက်ပံ့မှု အထိ ပို့ကုန်လုပ်ငန်းစဉ်တစ်လျှောက် Customized Support အစီအစဉ်များကိုလည်း ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
“ပြင်ပမသေချာမှုများ မြင့်တက်လာနေသည့် ယခုလိုအချိန်မျိုးတွင် ကုမ္ပဏီတစ်ခုလျှင် အနည်းဆုံးအမေရိကန်ဒေါ်လာ ၁၀ သန်းတန်ဖိုးရှိပို့ကုန်တင်ပို့နိုင်သည့် ပို့ကုန်အသားပေးကြယ်ပွင့်ကုမ္ပဏီများ(Export-oriented Star company)များကို စနစ် တကျမွေးထုတ်ပေးနိုင်ရန် အရေးကြီးပါသည်”ဟု စက်မှုဝန်ကြီး Kim Jung-kwan က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
(ဝင်းပပသူ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)