International News

ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)နှင့် United Arab Emirates(UAE)နိုင်ငံတို့အကြား ကုန်သွယ်မှုပြုသည့်ကုန်စည် ၈၅ ရာခိုင်နှုန်းအပေါ် ကုန်သွယ်ခွန်များဖြေလျှော့ရန် သဘောတူညီခဲ့

Last Updated:

ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (United Arab Emirates-UAE)နိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(Free Trade Agreements -FTA)ကို ဇွန်လ ၂၇ ရက်နေ့ မင့်စ်မြို့တွင်ကျင်းပခဲ့သည့် EAEU ထိပ်သီးအစည်းအဝေး၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ FTA သဘောတူညီချက်အရ EAEU အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ရုရှား၊ ဘီလာရုစ်၊ ကာဇက်စတန်၊ အာမေးနီးယား၊ ကာဂျစ္စတန်နိုင်ငံတို့နှင့် UAE နိုင်ငံတို့အကြား ကုန်သွယ်မှုပြုသည့်ကုန်စည် ၈၅ ရာခိုင်နှုန်းအပေါ် သွင်းကုန်ခွန်ပယ်ဖျက်မည်/ဖြေလျှော့မည်ဖြစ်ကြောင်း ကာဇက်စတန်သမ္မတနိုင်ငံကုန်သွယ်မှုနှင့်ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံများအကြား အပြန်အလှန်ကုန်သွယ်မှုပြုလျက်ရှိသည့်လယ်ယာထွက်ကုန်များ၊ စက်မှုထုတ်ကုန်များ၊ သတ္တုထုတ်ကုန်များ၊ ရေနံထွက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအပေါ် အဓိကကုန်သွယ်ခွန်များ ဖြေလျှော့မည်ဖြစ် သည်။

UAE နိုင်ငံသည် ပင်လယ်ကွေ့နိုင်ငံများထဲတွင် EAEU ၏ အဓိကကုန်သွယ်ဖက်များထဲမှ တစ်ခုဖြစ်ကြောင်း၊  FTA သဘောတူညီချက်သည် UAE နှင့်ကုန်သွယ်မှုဆက် ဆံရေးတွင် မှတ်တိုင်သစ်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ အပြန်အလှန်ကုန်သွယ်မှုကို အရည်အသွေးပြည့်မီသော အဆင့်သစ်တစ်ခုသို့ ယူဆောင်သွားမည်ဖြစ်ကြောင်း EAEU က သတင်းထုတ်ပြန်ခဲ့သည်။

EAEU နှင့် UAE နိုင်ငံတို့အကြား FTA စေ့စပ်ညှိနှိုင်းမှုများ စတင်ရန်ဆုံးဖြတ်ချက်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် Supreme Eurasian Economic Council မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအမြင့်ဆုံးသဘောတူညီချက်ကို စာချုပ်ချုပ်ဆိုနိုင်ရန် ၂ နှစ်ခွဲကြာမြင့်ခဲ့သည်။ FTA စာချုပ်ချုပ်ဆိုနိုင်ခဲ့သည့် အခြေအနေများကြောင့် သက်ဆိုင်ရာနိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် သိသိသာသာတိုးတက်လာမည်ဖြစ်သည်။

EAEU နှင့် UAE နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် EAEU နှင့် မွန်ဂိုးလီယားနိုင်ငံတို့အကြား ယာယီကုန်သွယ်ရေးသဘောတူညီချက်(Interim Trade Agreement-ITA)ကို လက်မှတ်ရေးထိုးခဲ့ကြပြီး နိုင်ငံများအကြား အဓိကကုန်သွယ်မှုပြုလျက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ စက်မှုထုတ်ကုန်များ၊ သတ္တုထုတ်ကုန်များ၊ ရေနံထွက်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် စက်ပစ္စည်းများ စသည့်ကုန်စည် ၃၆၇ ခုအပေါ် ကုန်သွယ်ခွန်ဖြေလျှော့ခြင်းနှင့် ပယ်ဖျက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

လက်ရှိတွင် EAEU သည် FTA ညှိနှိုင်းဆွေးနွေးမှုများကို အင်ဒိုနီးရှား၊ မွန်ဂိုးလီယား၊ အီဂျစ်၊ အိန္ဒိယ၊ အစ္စရေးနိုင်ငံတို့နှင့်လည်း ပြုလုပ်လျက်ရှိပြီး ယခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံနှင့် လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

စီးပွားရေးနှင့် ကုန်သွယ်မှုနယ်ပယ်တွင် EAEU အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင် ရွက်နိုင်မည့် အလားအလာများကို ချဲ့ထွင်ရန်ရည်ရွယ်ထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် EAEU အဖွဲ့တွင် ပါဝင်နိုင်ရန် မျှော်မှန်းထားပြီး လေ့လာသူနိုင်ငံအဖြစ် ပူးပေါင်းလိုကြောင်းကို မင့်စ်မြို့၌ကျင်းပခဲ့သည့် ဥရောပအာရှစီးပွားရေးဖိုရမ် (Eurasian Economic Forum)၏ မျက်နှာစုံညီအစည်းအဝေးတွင် နိုင်ငံတော် အကြီးအကဲက ထည့်သွင်းပြောကြားခဲ့သည်။

Source :        https://tass.com/economy/1983333

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News