အရှေ့အလယ်ပိုင်းဒေသတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခ ၏အကျိုးဆက်အနေဖြင့် ဂျပန်နိုင်ငံသည် ဌက်ပျောသီးပြတ်လပ်လာနိုင်ဖွယ်ရှိကြောင်း The Japan Times သတင်းဌာန၏ အွန်လိုင်း သတင်းတွင် “Japan faces banana shortage as impact from Middle East conflict spreads” ဟူသောခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါ သည်။
အဆိုပါသတင်းတွင် အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခဆက်လက်ဖြစ်ပွားလျက်ရှိသည့်အတွက် ရေနံစိမ်းလိုအပ်ချက်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပမှတင်သွင်းနေရသော ဂျပန်နိုင်ငံသည် ရေနံစိမ်းမှ ထုတ်လုပ်ရသည့် ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် နက်ဖ်သာ(Naphtha) ဝယ်ယူရရှိရန် မသေချာမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံ၏ အဓိကကျသည့် အခြေခံစားသောက်ကုန်တစ်ခုဖြစ်သည့် ငှက်ပျောသီးများကို ပြည်ပမှ အစိမ်းလိုက်တင်သွင်း၍ နက်ဖ်သာမှ ထုတ်လုပ်ရသည့် Ethylene ဓာတ်ငွေ့များဖြည့်ထားသည့် အခန်းများထဲတွင် မှည့်အောင်ပြုလုပ်ပြီးမှသာ စျေးကွက်အတွင်းသို့ ဖြန့်ချိခြင်းဖြစ်ရာ ဟော်မုဇ်ရေ လက်ကြားပိတ်ဆို့မှုကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှုကွင်းဆက်၏ ငါးပုံ တစ်ပုံခန့်ပြတ်တောက်နေပြီး ယခုနှစ်အတွင်း နက်ဖ်သာလက်ကျန်ပမာဏသည် ၂၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည့်အတွက် နှစ်ပေါင်းငါးဆယ်တာကာလအတွင်း အဆိုးရွားဆုံးဖြစ်သည်ဟု ဂျပန်နိုင်ငံ ငှက်ပျောသီးတင်သွင်းသူများအသင်း၏ တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
အီသလင်းဓာတ်ငွေ့အပြင် နက်ဖ်သာ(Naphtha)ပြတ်တောက်မှုဒဏ်ကို အခြားသော လုပ်ငန်းကဏ္ဍများတွင်လည်း ခံစားနေရကြောင်း၊ မုန့်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Calbee သည် နက်ဖ်သာမှထုတ်ယူရရှိသည့် စေးကပ်သောဓာတ်(resins)ကိုအသုံးပြုထားသည့် ပုံနှိပ်မှင်ထောက်ပံ့မှုလျော့နည်းလာခြင်းကြောင့် အာလူးကြော်နှင့်အခြား ထုတ်ကုန်များ၏ ထုပ်ပိုးမှုပုံစံကို အဖြူအမည်းရောင်သို့ ပြောင်းလဲခဲ့ရကြောင်း၊ ထိုသို့ပြတ်တောက်မှုများကြောင့် ဂျပန်နိုင်ငံရှိ သစ်သီးမှည့်အောင်ပြုလုပ်သည့် ကုမ္ပဏီများသည် အီသလင်းဓာတ်ငွေ့ရရှိနိုင်မည့် အခြားနည်းလမ်းများကို အပူတပြင်းရှာဖွေလျက်ရှိကြောင်း၊ ရေနံဓာတု ဗေဒအရင်းအမြစ်များအစား ပြောင်းဖူးနှင့် အခြားကုန်ကြမ်းများမှ တစ်ဆင့် ထိုဓာတ်ငွေ့ကို ထုတ်လုပ်ပေးသည့် စက်ကိရိယာများထုတ်လုပ်သော ဗာဂျီးနီးယားအခြေစိုက် Catalytic Generators ကုမ္ပဏီသည် ဓာတ်ငွေ့ရရှိလိုသည့် ဂျပန်စီးပွားရေးလုပ်ငန်းများထံသို့ ဓာတ်ငွေ့ထုတ်စက်(generators)များကို စတင်တင်ပို့၍ ဂျပန်နိုင်ငံအတွင်း ဖြန့်ချိရောင်းချမည့်သူကို ရှာဖွေလျက်ရှိကြောင်း ဖော်ပြထားပါသည်။
ခုတ်ယူထားသော ငှက်ပျောသီးများသည် အီသလင်းဓာတ်ငွေ့မပေးပါက ပျော့ပြောင်းလာခြင်း သို့မဟုတ် ချိုမြိန်လာခြင်းမရှိဘဲ နောက်ဆုံးတွင် ပုပ်သိုးသွားကြောင်း၊ ထောပတ်သီးနှင့် ကီဝီသီးများကိုလည်း အီသလင်းဖြင့် မှည့်အောင်ပြုလုပ်ရသော်လည်း ၎င်းတို့မှာ ထိုဓာတ်ငွေ့ပမာဏအနည်းငယ်သာလိုအပ်ကြောင်း၊ အီသလင်းဓာတ်ငွေ့လက်ကျန်ပမာဏလျော့နည်းလာသည့်အတွက် ပြည်တွင်းနှင့် ပြည်ပမှ ဓာတ်ငွေ့ရောင်းချပေးနိုင်မည့် ကုမ္ပဏီသစ်များကို ရှာဖွေနေကြောင်း၊ သို့ဖြစ်ရာ ဆက်စပ် ကုန်ကျစရိတ်အချို့မှာ ၁၀ ဆနီးပါးအထိ မြင့်တက်သွားခဲ့ကြောင်း၊ ယခုအခြေအနေသည် ဆက်လက်တည်ရှိနေမည်ဆိုပါက ဂျပန်နိုင်ငံ၏ ထမင်းဝိုင်းများတွင် ငှက်ပျောသီးပျောက်ကွယ်သွားနိုင်သည်ဟု ဂျပန်နိုင်ငံသို့ တင်သွင်းသော ငှက်ပျောသီးပြုပြင်ထုတ်လုပ်မှုလုပ်ငန်းစဉ်၏ ၃၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်ဆောင်ရွက်နေသည့် Farmind ကုမ္ပဏီက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း ဌက်ပျောသီး မက်ထရစ်တန်ချိန် ၁ သန်းခန့် ဝယ်ယူတင်သွင်းခဲ့ရကြောင်း၊ လက်ရှိအချိန်အထိ အရောင်းဆိုင်များထံသို့ ငှက်ပျောသီးများ ဆက်လက်ရောက်ရှိနေဆဲဖြစ်ကြောင်း၊ အချို့သောတင်သွင်းသူများသည် အီသလင်းဓာတ်ငွေ့ ၂ လမှ ၃ လခန့်အထိသုံးစွဲနိုင်မည့် ပမာဏတင်သွင်းထားသည်ဟုအာမခံသော်လည်း စွမ်းအင်၊ ထုပ်ပိုးမှုနှင့် သယ်ယူပို့ဆောင်ရေးကဲ့သို့သော ရေနံဓာတုဗေဒနှင့်ဆက်စပ်သည့် ကုန်ကျစရိတ်များမြင့်မားခြင်းကြောင့် လက်လီရောင်းချသူများအနေဖြင့် ဈေးနှုန်းတိုးမြှင့်ရောင်းချရမည်ဖြစ်ကြောင်း၊ ဈေးနှုန်းများမြင့်တက်လာနိုင်သော်လည်း ဌက်ပျောသီးဝယ်ယူရရှိမှု မပြတ်တောက်စေရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။
ဂျပန်အိမ်ထောင်စုတစ်စုသည် ၂၀၂၅ ခုနှစ်တွင် အဝါရောင်သစ်သီးများအတွက် ပျမ်းမျှ ယန်း ၅,၂၀၀(အမေရိကန်ဒေါ်လာ၃၃)ခန့်သုံးစွဲခဲ့ကြောင်း၊ တိုကျိုမြို့တွင် အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများသည် ၂၀၂၅ ခုနှစ်တွင် ၄.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သည့်အတွက် ၂၀၂၂ ခုနှစ်ကထက် ၃၀ ရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့ကြောင်း၊ ဂျပန်နိုင်ငံသည် ပြည်တွင်း၌ ရေနံအရင်းအမြစ်ရှားပါးပြီး ရေကြောင်းသယ်ယူပို့ဆောင်ရေးအနှောင့်အယှက်များကို ကြားခံခုခံပေးနိုင်မည့် နိုင်ငံတကာပိုက်လိုင်းများသို့ ချိတ်ဆက်ဆောင်ရွက်နိုင်မှုမရှိသည့်အတွက် ထိခိုက်လွယ်သည့်အခြေအနေတွင်ရှိနေကြောင်း၊ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုသည် ဂျပန်ကဲ့သို့သော ရေနံဓာတုဗေဒထောက်ပံ့ရေးကွင်းဆက် တစ်ခုလုံးကို အဓိကမှီခိုနေရသည့် ကျွန်းနိုင်ငံသည် အဝေးတွင်ဖြစ်ပွားသည့် ပထဝီနိုင်ငံရေးပဋိပက္ခကို နေ့စဉ်လူနေမှုဘဝတွင် အခြေခံစားသောက်ကုန်များအတွက် ချက်ချင်းလက်ငင်းကြုံတွေ့ရသည့် အကျပ်အတည်းတစ်ခုဖြစ်လာစေခဲ့ကြောင်း၊ ဂျပန်အစိုးရသည် ထုတ်လုပ်သူများနှင့် စားသုံးသူများ စိတ်အေးစေရန် ကြိုးပမ်းလျက်ရှိပြီး ဝန်ကြီးချုပ်ဆာနာအဲ တာကာအီချီက နိုင်ငံအတွင်း ၌ လာမည့်နှစ်အထိ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မည့် နက်ဖ်သာထောက်ပံ့မှု အလုံအလောက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: https://www.japantimes.co.jp/business/2026/06/02/economy/banana-shortage/
(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)