International News

တရုတ်-မွန်ဂိုလီးယားနယ်စပ်ဆိပ်ကမ်းသည် တရုတ်-ဥရောပကုန်တင်ရထားလမ်းကြောင်းဝန်ဆောင်မှု စံချိန်တင်မှတ်တမ်းတင်နိုင်ခဲ့

Last Updated:

တရုတ်-မွန်ဂိုလီးယားနယ်စပ်ရှိ အကြီးဆုံးကုန်းတွင်းဆိပ်ကမ်းဖြစ်သည့် အီရင်ဟုတ်ဆိပ်ကမ်း (Erenhot port)သည် ၂၀၁၃ ခုနှစ်တွင် နယ်စပ်ရထားလမ်းကြောင်း စတင်ပြေးဆွဲခဲ့သည့်အချိန်မှစ၍ တရုတ်-ဥရောပကုန်တင်ရထားအဝင်/အထွက်အစီးရေ ၂၀,၀၀၀ စံချိန်တင်မှတ်တမ်းတင်နိုင်ခဲ့ကြောင်း China Railway Hohhot Group Co., Ltd. က ၃-၈-၂၀၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံ၏ နက်ရှိုင်းစွာကြိုးပမ်းဆောင်ရွက်မှုများနှင့်အတူ အတွင်းမွန်ဂိုလီးယား(Inner Mongolia)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အီရင်ဟုတ်ဆိပ်ကမ်းသည် ရထားဖြတ်သန်းမှုအရေအတွက်၊ ပို့ဆောင်ရာနေရာများ၊ ခရီးစဉ်ကြိမ်နှုန်းနှင့် သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်းအမျိုးအစားများ သိသာထင်ရှားစွာ တိုးလာခဲ့ကြောင်း အဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။

အီရင်ဟုတ်ဆိပ်ကမ်းအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ရထားအစီးရေ ၁၀,၀၀၀ စီးစံချိန်တင်နိုင်ခဲ့ပြီး ဒုတိယအကြိမ်အစီးရေ ၁၀,၀၀၀ ကို သုံးနှစ်တာကာလအတွင်းထပ်မံပြည့်မီခဲ့သည်။အစောပိုင်းကာလများတွင်သတ္တု(metal)၊ဓာတု ပစ္စည်းများ(chemicals)နှင့် အ၀တ်အထည်ထုတ်ကုန်များ(apparel products)ကို အဓိကသယ်ဆောင်ခဲ့သော်လည်း ယခုအခါစွမ်းအင်သစ်ယာဉ်များ(new-energy vehicles)၊ အီလက်ထရွန်နစ်ပစ္စည်းများ(electronics)နှင့် အိမ်သုံးပစ္စည်းများ (household appliances)စသည့် တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းများ(high-value-added goods)ကို အဓိကသယ်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။

တရုတ်-ဥရောပမီးရထားဝန်ဆောင်မှု၏ ဗဟိုစင်္ကြံအတွက် အဓိကဝင်ပေါက်၊ ထွက်ပေါက်အဖြစ် အီရင်ဟုတ်ဆိပ်ကမ်းသည် ယခုအခါ တရုတ်နိုင်ငံ၏ ပြည်နယ်/မြို့ပြ ၂၄ ခုမှ မြို့ကြီး ၆၀ ကျော်နှင့် ဂျာမနီ၊ ပိုလန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀ ကျော်ရှိ ဘူတာရုံ ၇၀ ကျော်သို့ ချိတ်ဆက်ပေးထားသည့် ရထားလမ်းကြောင်း ၇၃ ခု ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။

အီရင်ဟုတ်ဆိပ်ကမ်းသည် တရုတ်-ဥရောပဗဟိုစင်္ကြံ(Central Corridor)၏အဓိကအချက်အချာကျသောနေရာဖြစ်ပြီး၊ Belt and Road Initiative (BRI)၏အောင်မြင်မှုကို ထင်ဟပ်စေသည့်ပြယုဂ်တစ်ခုလည်းဖြစ်သည်။ သယ်ယူပို့ဆောင်သည့် ကုန် ပစ္စည်းအမျိုးအစားအဆင့်မြင့်ပြောင်းလဲလာခြင်းသည် တရုတ်နိုင်ငံ၏စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုကိုပြသနေပြီး ယင်းနယ်စပ်ဆိပ်ကမ်းမှတစ်ဆင့် အတွင်းမွန်ဂိုလီးယားဒေသ၏ ဒေသစီးပွားရေးကို မြင့်တင်ပေးနိုင်ခဲ့သည့်အပြင် အလုပ်အကိုင်အခွင့် အလမ်းများကိုလည်း ပိုမိုဖန်တီးပေးနိုင်သည်ကို တွေ့ရှိရသည်။

အရင်းမြစ်။ https://en.people.cn/n3/2025/0804/c90000-20348682.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News