International News

အမူးလ်(Amul)မှ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် ရူပီး ၇၀၀ ကုဋေ(ဒေါ်လာ ၇၄.၈ သန်း) ရင်းနှီးမြှုပ်နှံ၍ ခေတ်မီနို့ထွက်ပစ္စည်း စက်ရုံအသစ်ကြီး တည်ဆောက်မည်

Last Updated:

အိန္ဒိယနိုင်ငံ၏အကြီးဆုံးနှင့် လူကြိုက်အများဆုံး နို့ထွက်ပစ္စည်းလုပ်ငန်း စုကြီးဖြစ်သည့် အမူးလ်(Amul)သည် အနောက်ဘင်္ဂလားပြည်နယ်၏ စက်မှုကဏ္ဍနှင့်စိုက်ပျိုးမွေးမြူရေးအခြေခံကုန်ထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် ရူပီး ၇၀၀ ကုဋေ(အမေရိကန်ဒေါ်လာ ၇၄.၈ သန်းခန့်)အထိရှိမည့် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုအသစ်တစ်ခုကို ပြုလုပ်တော့မည်ဖြစ်ကြောင်းသိရသည်။ ယခုစီမံကိန်းသည် အနောက်ဘင်္ဂလားပြည်နယ်အတွင်း ခေတ်မီနို့ထွက်ပစ္စည်းပြုပြင်မွမ်းမံမှုအခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရန်နှင့် ဒေသတွင်းစီးပွားရေးကို အရှိန်အဟုန်ဖြင့် မောင်းနှင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

အဆိုပါမဟာဗျူဟာမြောက်စက်ရုံအသစ်ကြီးတည်ဆောက်ရေးအတွက် ပန္နက်တင်အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် အနောက်ဘင်္ဂလားပြည်နယ်၌ စည်ကားသိုက်မြိုက်စွာကျင်းပရန် စီစဉ်ထားကြောင်းသိရသည်။ ယခုစီမံကိန်း၏ထူးခြားချက်မှာ ပြည်နယ်အတွင်း အစိုးရသစ်တက်ရောက်လာပြီးနောက်ပိုင်း အကောင်အထည် ဖော်ဆောင်ရွက်မည့် ပထမဆုံးသော အဓိကအကြီးစားစက်မှုလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကြီးဖြစ်လာခြင်းပင်ဖြစ်သည်။

ယခုကျင်းပမည့် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားသို့ အိန္ဒိယပြည်ထောင်စုပြည်ထဲရေးဝန်ကြီး မစ္စတာ အမစ်ရှာ(Mr. Amit Shah)ကိုယ်တိုင်တက်ရောက်ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။ ထိုအချက်သည် အမူးလ် (Amul)၏ရင်းနှီးမြှုပ်နှံမှုစီမံကိန်းသည် အနောက်ဘင်္ဂလားပြည်နယ်တစ်ခုတည်းအတွက်သာမကဘဲ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသတစ်ခုလုံး၏ စက်မှုနှင့်ဒိုင်ယာရီ(Dairy)ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်မျှအထိ အရေးပါအရာရောက်သည်ကို ထင်ရှားစွာပြသနေကြောင်း သိရသည်။

အမူးလ်(Amul)လုပ်ငန်းစုအနေဖြင့် ယခုရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် အိန္ဒိယအရှေ့ပိုင်းဒေသတွင် ၎င်းတို့၏ စျေးကွက်ဖြန့်ကျက်မှုကို ပိုမိုခိုင်မာအားကောင်းအောင်လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။  စက်ရုံသစ်ကြီးတွင် နို့စိမ်းများကို စနစ်တကျပြုပြင်မွမ်းမံမည့်အပြင် ခေတ်မီနည်းပညာများ အသုံးပြုကာ စားသုံးသူများကြိုက်နှစ်သက်မည့် အဆင့်မြင့်တန်ဖိုးမြှင့်ထုတ်ကုန်(Value-added products) မျိုးစုံကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုစက်ရုံသစ်ပေါ်ပေါက်လာခြင်းကြောင့် အနောက်ဘင်္ဂလားပြည်နယ် ၏နို့ထွက်ပစ္စည်းကဏ္ဍ ဂေဟစနစ်တစ်ခုလုံး သိသိသာသာတိုးတက်ပြောင်းလဲလာမည်ဖြစ်သည်။ လက်ရှိလုပ်ကိုင်နေသည့် နို့ထွက်ပစ္စည်းလုပ်ငန်းကွင်းဆက်များ ပိုမိုခေတ်မီပြီး ထိရောက်မြန်ဆန်လာမည်ဖြစ်ကာ၊ စနစ်တကျ ဖွဲ့စည်းထားသော အဖွဲ့အစည်းဆိုင်ရာမွေးမြူရေးစနစ်ပေါ်ပေါက်လာမည်ဖြစ်သည်။ ၎င်းသည် ဒေသတွင်း နို့စားနွားမွေးမြူရေးလုပ်ကိုင်နေကြသည့် တောင်သူလယ်သမားများအတွက် ပိုမိုခိုင်မာ၍ မျှတသော စျေးကွက်နှင့် ဝင်ငွေလမ်းကြောင်းကို ဖန်တီးပေးနိုင်လိမ့်မည်ဟု ကဏ္ဍအသီးသီးမှ ကျွမ်းကျင်သူများ နှင့် လုပ်ငန်းရှင်များက သုံးသပ်ထားကြကြောင်းသိရှိရသည်။

အမူးလ်(Amul)၏ယခုရင်းနှီးမြှုပ်နှံမှုကြီးသည် ပြည်နယ်အတွင်း အလုပ် အကိုင်အခွင့်အလမ်းသစ်အမြောက်အမြားကို ဖန်တီးပေးမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ လူနေမှအဆင့်အတန်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ပြည်နယ်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံ အခြေခံအဆောက်အအုံများကို ပိုမိုအားကောင်းစေမည့်အပြင်၊ အနောက်ဘင်္ဂလားပြည်နယ်ကို ပြည်တွင်း ပြည်ပမှ အခြားသောအကြီးစားလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်မှုရှိသော စက်မှုဗဟိုချက်နေရာတစ်ခုအဖြစ် ပေါ်လွင်လာစေရန် အဓိကမောင်းနှင်အားတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရှိရသည်။

Source: IBEF (India Brand Equity Foundation): Amul to Invest US$ 74.8 Million in New Dairy Processing Plant in West Bengal

(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News