International News

ထိုင်းကုမ္ပဏီများအတွက် ဈေးကွက်ရှာဖွေပေးနိုင်ရေး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက နိုင်ငံအတွက်ဝင်ငွေ ဘတ် ၃ ဘီလီယံကျော်ရရှိနိုင်မည့် ဈေးကွက်သစ်များရှာဖွေရာ၌ ထိုင်းစီးပွားရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

အမေရိကန်အခွန်ကြောင့် ထိခိုက်ခဲ့သော ထိုင်းလုပ်ငန်းရှင်များအတွက် ဈေးကွက်အသစ်များရှာဖွေပေးရန် အထူးလုပ်ငန်းအဖွဲ့စီမံကိန်း(Special Task Force Project)ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စီမံကိန်းအရ အဝယ်အမှာစာ ဘတ် ၁.၆ ဘီလီယံရရှိစေမည့် လုပ်ငန်း ၁၇၉ ခုအတွက် ဦးတည်ဆောင်ရွက်ပေးခဲ့ရာ ရလဒ်သည် ခန့်မှန်းထားသည်ထက်ကျော်လွန်၍ ဘတ် ၃ ဘီလီယံထိ အမှာစာများရရှိခဲ့ပါကြောင်း၊ ကုန်သွယ်ရေးကိုယ်စားလှယ် ၅ ဖွဲ့ကို မတူညီသောဒေသများအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး အာဂျင်တီးနား၊ ချီလီနှင့် ဘရာဇီးတို့ပါဝင်သည့် လက်တင်အမေရိကတွင် မော်တော်ယာဉ်အစိတ်အပိုင်းများ၊ ယန္တရားများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ စည်သွပ်ဗူးများနှင့် မုန့်များ စသည့်ထုတ်ကုန်များကို ဦးစားပေးသွားမည်ဖြစ်ပြီး ဘတ် ၅၉၅ သန်းရရှိစေရန်ဖြစ်ကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Sunanta Kangvalkulkij က ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသ၌ အာရပ်စော်ဘွားများပြည်ထောင်စုကို ဦးစားပေးလျက်ရှိပြီး အဓိကအားဖြင့် အစားအစာ၊ တိရစ္ဆာန်အစာနှင့် အိမ်မွေးတိရစ္ဆာန်အစာတို့ဖြစ်ရာ တန်ဖိုးအားဖြင့် ဘတ် ၂၀၇ သန်းမှန်းထားပါကြောင်း၊ အာဖရိက၌ မာလိ၊ ဆီနီဂေါနှင့် အိုင်ဗိုရီကမ်းရိုးတန်းတို့သည် အဓိကဈေးကွက်များဖြစ်ပြီး စိုက်ပျိုးရေးနှင့် အစားအစာပြုလုပ်သည့် ယန္တရားများကို ဦးစားပေးဈေးကွက်ရှာဖွေသွားမည်ဖြစ်ပြီး ဘတ် ၇၉၇ သန်းရရှိနိုင်ရန် မျှော်မှန်းထားပါကြောင်း၊ အိန္ဒိယအတွက် ပရိဘောဂ၊ အိုးခွက်ပန်းကန်များ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် စီမံကိန်းအကြီးစားများတွင် အသုံးပြုသည့်ပစ္စည်းများဖြစ်ပြီး အမှာစာ တန်ဖိုးအားဖြင့် ဘတ် ၁.၃၃ ဘီလီယံရရှိခဲ့ပါကြောင်း၊ အိန္ဒိသို့ အခြားသော ကုန်စည်များအနေဖြင့် အစားအစာနှင့် အစားအစာပြုလုပ်သည့် ကုန်ပစ္စည်းများဖြစ်ရာ ဘတ် ၁၀၀ သန်းရရှိခဲ့ပါကြောင်း၊ ဈေးကွက်များစွာ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး အာဂျင်တီးနားနှင့် ချီလီတို့သည် ထိုင်းထုတ်ကုန်များအပေါ် စိတ်ဝင်စားမှုပြသခဲ့ပါကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

တောင်အမေရိကန်နိုင်ငံများဖြစ်သည့် ကိုလံဘီယာ၊ ပီရူးနှင့် အီကွေဒေါတို့သည် ဈေးကွက်သစ်များဖြစ်ပြီး ဆွေးနွေးဆဲအခြေအနေရှိပါကြောင်း၊ အစိုးရကုန်သွယ် ရေးကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပုဂ္ဂလိကကဏ္ဍမှ ပါဝင်မှုများသည်လည်း ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်စေရုံသာမက အဆိုပါဈေးကွက်များသို့ ဝင်ရောက်ပါက ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများကိုလည်း သတိပြုမိစေပါကြောင်း၊ STF စီမံကိန်းကို ဘတ်ဂျက် ၃၃ သန်းဖြင့် စတင်ခဲ့ပြီး စီးပွားရေးအရ ပြန်ရချက်မှာ ဘတ် ၃.၀၃ ဘီလီယံရှိပါကြောင်း၊ လုပ်ငန်း ၁၄၉ ခုကို ယှဉ်ပြိုင်နိုင်မှုကို ထိန်းထားစေနိုင်ပြီး ထောက်ပံ့ပို့ဆောင်ရေး၊ ထုပ်ပိုးရေးနှင့် ဆက်စပ်လုပ်ငန်းများကိုလည်း အထောက်အကူဖြစ်စေပါကြောင်း၊ စတုတ္ထသုံးလပတ်တွင် ဈေးကွက် ၃ ခုကို ထပ်လောင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဘတ် ၁၉၀ သန်းရရှိရန် ခန့်မှန်းထားပါကြောင်း၊ ဈေးကွက်သစ်များမှာ တရုတ်နိုင်ငံအနောက်ပိုင်းရှိ ချန်ဒူး၊ ချုံချင့်နှင့် စီရွှမ်ဘန်းနားတို့ဖြစ်ပြီး အစားအစာ၊ အဖျော်ယမကာနှင့် အိမ်မွေးတိရစ္ဆာန်အစာ၊ ဗီယက်နမ်တွင် မိခင်နှင့် ကလေးကုန်ပစ္စည်းများနှင့် အိန္ဒိယနိုင်ငံ မွန်ဘိုင်းတွင် ပတ်ဝန်းကျင်ဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများဖြစ်ကြောင်း Ms. Sunanta က ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ထုတ်ဖော်ပြောကြားခဲ့ပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News