အိန္ဒိယနိုင်ငံ၏ ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှုသည် ဇီရာ၊ နနွင်း၊ ဟင်းခတ်အမွှေး အကြိုင်ဆီ/အဆီအနှစ်များ(oleoresins)နှင့် ငရုတ်ကောင်းစသည့် ထွက်ကုန်များအတွက် ပြည်ပဝယ်လိုအားမြင့်တက်လာမှုကြောင့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၂ ဘီလီယံအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ယခင်နှစ်က အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၆ ဘီလီယံထက် ၆ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း The Hindu Bsinessline သတင်းဌာနက ယခုလ ၁၀ ရက်တွင် ဖော်ပြသည်။
ယင်းသို့ ၂၀၂၅ ဘဏ္ဍာနှစ်တွင် စံချိန်တင်တင်ပို့နိုင်ခဲ့သော်လည်း ငရုတ်သီးသည် ဈေးနှုန်းကျဆင်းမှုကြောင့် တင်ပို့မှုတန်ဖိုးကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။ ငရုတ် သီးသည် အိန္ဒိယနိုင်ငံ၏ ဟင်းခတ်အမွှေးအကြိုင်ထုတ်ကုန်များအနက် ပမာဏနှင့် တန်ဖိုးနှစ်ခုစလုံးတွင် အကြီးဆုံးထုတ်ကုန်အဖြစ်ဆက်လက်တည်ရှိနေပြီး စုစု ပေါင်းဟင်းခတ်အမွှေးအကြိုင်တင်ပို့မှု၏ လေးပုံတစ်ပုံကျော်ကို ကိုယ်စားပြုကြောင်း သိရသည်။
၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ငရုတ်သီးတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၄ ဘီလီယံရှိပြီး ယခင်နှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၀ ဘီလီယံရှိခဲ့ရာမှ ၁၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။ ဈေးနှုန်းကျဆင်းမှုသည် ငရုတ်သီးတင်ပို့မှုကိုထိခိုက်ခဲ့သော်လည်း ပမာဏအားဖြင့် တန်ချိန် ၇ ဒသမ ၁၅ သိန်း(ယခင်နှစ်က တန်ချိန် ၆ ဒသမ ၀၁ သိန်း)အထိ ၁၉ ရာခိုင်နှုန်းခန့်တိုးတက်ခဲ့ကြောင်း သိရသည်။
ဟင်းခတ်အမွှေးအကြိုင်ထုတ်ကုန်များအနက် ဒုတိယအကြီးဆုံးဖြစ်သောဇီရာ (cumin)တင်ပို့မှုသည် တန်ဖိုးအားဖြင့် ၅ ရာခိုင်နှုန်းမြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၇၃၂ ဒသမ ၃၅ သန်း ယခင်နှစ်က အမေရိကန်ဒေါ်လာ ၇၀၀.၃၇ သန်း) ခဲ့ကြောင်းတွေ့ရှိရသည်။ ပမာဏအားဖြင့် ဇီရာတင်ပို့မှုသည် ၃၉ ရာခိုင်နှုန်းကျော်တိုးတက်လာပြီး တန်ချိန် ၂ ဒသမ၂၉ သိန်း(ယခင်နှစ်က တန်ချိန် ၁ ဒသမ ၆၅ သိန်း)ရှိခဲ့ကြောင်း သိရသည်။ “၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာ ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှု စံချိန်တင်ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွက်ဆိုရင် တစ်ခြားနိုင်ငံတွေမှာ ထုတ်လုပ်မှုလျှော့ချတာတွေရှိလာတဲ့အတွက် ဟင်းခတ်အမွှေးအကြိုင်သီးနှံတင်ပို့မှုအားလုံးနီးပါးအတွက် မျှော်လင့်ချက်ကောင်းတွေ တွေ့နေရပါတယ်” ဟု All India Spices Exporters Forum ၏ဥက္ကဋ္ဌ Emmanuel Nambusseril က ပြောကြားခဲ့သည်။
ဟင်းခတ်အမွှေးအကြိုင်များ ထုတ်လုပ်၊တင်ပို့၊ သုံးစွဲမှုတွင် အကြီးဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် လာမည့်ငါးနှစ်အတွင်း ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှုကို နှစ်ဆ တိုးမြှင့်ရန် ရည်မှန်းထားကာ ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနှင့် ၂၀၄၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံအထိတင်ပို့ရန် ပန်းတိုင်ရည်မှန်းချက်ထားနေကြောင်း သိရသည်။
ဟင်းခတ်အမွှေးအကြိုင်ဆီ/အဆီအနှစ်များတင်ပို့မှုသည် ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တန်ဖိုးအားဖြင့် ၈ ရာခိုင်နှုန်းတိုးတက်လာပြီး အမေရိကန်ဒေါ်လာ ၅၃၅ ဒသမ ၉၂ သန်း(ယခင်နှစ်က အမေရိကန် ဒေါ်လာ ၄၉၇ ဒသမ ၉၈ သန်း)ရှိခဲ့ကြောင်း တွေ့ရှိရသည်။ ပမာဏအားဖြင့် ၁၂ ရာခိုင်နှုန်းတိုးတက်လာပြီး တန်ချိန်သိန်း ၄ ဒသမ ၅၃ သိန်း(ယခင်နှစ်က တန်ချိန် ၄ ဒသမ ၁၂ သိန်း)ရှိခဲ့ကြောင်း သိရသည်။
နနွင်းတင်ပို့မှုသည် ပမာဏမြင့်တက်မှုကြောင့် တန်ဖိုး ၅၁ ရာခိုင်နှုန်းတိုးတက်လာပြီး အမေရိကန် ဒေါ်လာ ၃၄၁ သန်း(ယခင်နှစ်က အမေရိကန်ဒေါ်လာ ၂၂၆ သန်း)ရှိခဲ့ကာ တင်ပို့မှုပမာဏသည်လည်း ၉ ရာခိုင်နှုန်းတိုးတက်လာပြီး တန်ချိန် ၁ ဒသမ ၇၆ သိန်း(ယခင်နှစ်က တန်ချိန် ၁ ဒသမ ၆၂ သိန်း)ရှိခဲ့ကြောင်း တွေ့ရှိရသည်။
အခြားအဓိကဟင်းခတ်အမွှေးအကြိုင်အမျိုးအစားတစ်ခုဖြစ်သော ပူစီနံထွက်ကုန်များတင်ပို့မှုသည် တန်ဖိုး အမေရိကန်ဒေါ်လာ ၄၁၇ ဒသမ ၈ သန်း(ယခင်နှစ်က အမေရိကန်ဒေါ်လာ ၄၁၅ ဒသမ ၄၀ သန်း)ဖြင့် အနည်းငယ်တိုးတက်ခဲ့ကြောင်း တွေ့ရှိရသည်။ ပမာဏအားဖြင့် ၂၇,၂၈၂ တန်(ယခင်နှစ်က ၂၇,၆၅၈ တန်)ဖြင့် အနည်း ငယ်ကျဆင်းခဲ့ကြောင်း သိရသည်။
ဟင်းချက်မှုန့်(Curry powder)နှင့်အနှစ်များတင်ပို့မှုသည် ယခင်နှစ်က အမေရိကန် ဒေါ်လာ ၂၁၂ သန်းမှ ၁၇ ရာခိုင်နှုန်းတိုးတက်လာပြီး အမေရိကန်ဒေါ်လာ ၂၄၇ ဒသမ ၅၉ သန်းရှိခဲ့ကြောင်း တွေ့ရှိရသည်။၎င်း၏တင်ပို့မှုပမာဏသည်လည်း ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ၇၇,၁၅၁ တန်(ယခင်နှစ်က ၇၂,၄၂၀ တန်)ဖြင့် ၇ ရာခိုင်နှုန်းခန့်တိုးတက်ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်းတင်ပို့မှုသည် တန်ဖိုးအားဖြင့် ၄၀ ရာခိုင်နှုန်းတိုးတက်လာပြီး အမေရိကန်ဒေါ်လာ ၁၂၄ ဒသမ ၅၄ သန်း(ယခင်နှစ်က အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၉၁ သန်း)ရှိခဲ့ကာ ပမာဏအားဖြင့် ၁၆ ရာခိုင်နှုန်းတိုးတက်လာပြီး ၂၀,၈၃၀ တန်(ယခင်နှစ်က ၁၇,၈၉၀ တန်)ရှိခဲ့ကြောင်း တွေ့ရှိရသည်။
ဖာလာ(အသေး)တင်ပို့မှုသည်လည်း ယခင်နှစ်က အမေရိကန်ဒေါ်လာ ၁၂၀ ဒသမ ၅၂ သန်းမှ ၅၃ ရာခိုင်နှုန်းသိသိသာသာတိုးတက်လာပြီး အမေရိကန်ဒေါ်လာ ၁၈၄ ဒသမ ၆၅ သန်းရှိခဲ့ကြောင်း တွေ့ရှိရသည်။ ပမာဏအားဖြင့် တင်ပို့မှုသည် ၆,၇၂၇ တန် (ယခင်နှစ်က ၆,၁၆၈ တန်)ဖြင့် ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။
Source: The Hindu Businessline, India’s spice exports hit a new high of $4.72 billion in FY25 on strong demand, June 10, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)