ဗီယက်နမ်လေကြောင်းလိုင်းသည် ဝူတစ်မုန်တိုင်းအရှိန်ကြောင့် အလယ်ပိုင်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် လေယာဉ်ခရီးစဉ်အများအပြားကို ဖျက်သိမ်းခဲ့ပြီး ဇွန် ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် လေယာဉ်ခရီးစဉ်အချိန်များပြန်လည်ပြင်ဆင်ခဲ့ကြောင်း သိရှိရပါသည်။
ဗီယက်နမ်လေကြောင်းလိုင်းသည် ဇွန်လ ၁၁ ရက်ညနှင့် ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် ဆိုးရွားသောရာသီဥတုအခြေအနေကြောင့် ဟနွိုင်းမြို့နှင့်ဒါနန်းမြို့အကြား ပျံသန်းမည့်ခရီးစဉ် ၁၄ ခုကို ဖျက်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ဒါနန်းနှင့် ဟွေးလေဆိပ်များတွင် ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်ခရီးစဉ်များစွာ နှောင့်နှေးခဲ့ရခြင်း(သို့မဟုတ်)ဆိုင်းငံ့ခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း၊ အထူးသဖြင့် ဒါနန်းသို့ပျံသန်းမည့်လေယာဉ် ၇ စီး မှာလည်း လေယာဉ်ဆင်းသက်ရန်နှောင့်နှေးခဲ့ပြီး အခြားလေကြောင်း ၃၂ စီးမှာ မိနစ် ၂၀ မှ ၁ နာရီကျော်အထိ နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ ဟွေးမြို့ရှိ Phu Bai လေဆိပ်သည် ဆိုးရွားသော ရာသီ ဥတုကြောင့် လေယာဉ်ခရီးစဉ်များနှောင့်နှေးမှုများနှင့် ဆိုက်ရောက်/ထွက်ခွာပျံသန်းမှုများအတွက် စောင့်ဆိုင်းချိန်ကြာမြင့်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဇွန်လ ၁၂ ရက်နေ့မွန်းလွှဲပိုင်းတွင် ဗီယက်နမ်လေကြောင်းလိုင်းသည် လေယာဉ်ခရီး စဉ်နှောင့်နှေးမှုများတွေ့ကြုံရသည့် ခရီးသည်များအတွက် ဟနွိုင်း-ဒါနန်းလမ်းကြောင်းပျံသန်းမှုအတွက် ကိုယ်ထည်ကျယ်သော လေယာဉ်များကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
မုန်တိုင်းဖြစ်ပေါ်မူတည်၍ လေယာဉ်ပျံသန်းချိန်များကို ဆက်လက်ချိန်ညှိဆောင် ရွက်သွားမည်ဖြစ်ပြီး လေကြောင်းလိုင်းသည် မီဒီယာများမှတစ်ဆင့် အပ်ဒိတ်သတင်းအချက်အလက်များကို မျှဝေသွားမည်ဖြစ်ကြောင်း၊ ကြိုတင်လက်မှတ်မှာယူသည့် ဆက်သွယ်ရန်အချက်အလက်များကို အသုံးပြုကာ ခရီးသည်များထံသို့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
Source: The Saigon Times
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)