ရုရှားနိုင်ငံတွင် အလုပ်လက်မဲ့နှုန်းသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှစတင်၍ နိုင်ငံတစ်ခုလုံးတွင် တည်ငြိမ်လျက်ရှိပြီး ခန့်မှန်း ၂.၃ ရာခိုင်နှုန်းရှိကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)၏နည်းစနစ်နှင့်အညီ ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် အသက် ၁၅ နှစ်နှင့်အထက် လူဦးရေပေါင်း ၁.၇ သန်းကို အလုပ် လက်မဲ့အဖြစ် သတ်မှတ်ထားကြောင်း၊ အဆိုပါလူဦးရေအတွက် အလုပ်လက်မဲ့နှုန်းသည် ၂.၃ ရာခိုင်နှုန်းဖြစ်ကြောင်း ရုရှားဖက်ဒရယ်စာရင်းအင်းဝန်ဆောင်မှုဌာန (Rosstat)၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလုပ်လက်မဲ့လူဦးရေပေါင်း ၁.၇ သန်းတွင် ၁ သန်းခန့်သည် မြို့ပြနေထိုင်သူများဖြစ်ပြီး ၀.၇ သန်းခန့်သည် ကျေးလက်နေသူများဖြစ်သည်။ ယင်းတို့အနက် အသက် ၂၅ နှစ်အောက်လူငယ်များ၏ အလုပ်လက်မဲ့နှုန်းသည် ၁၈.၁ရာခိုင်နှုန်းရှိပြီး အသက် ၅၀ နှစ်နှင့်အထက် အလုပ်လက်မဲ့နှုန်းသည် ၂၂.၅ ရာခိုင်နှုန်းရှိကာ လုပ်ငန်းအတွေ့ အကြုံမရှိသူများမှာ ၂၅.၉ ရာခိုင်နှုန်းဖြစ်သည်။ အသက် ၁၅ နှစ်နှင့်အထက် အလုပ် လက်မဲ့များထဲတွင် အမျိုးသမီးအချိုးအစားမှာ ၅၃ ရာခိုင်နှုန်းရှိသည်။
ရုရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်သမားများလိုအပ်နေပြီး လုပ်သားရှားပါးမှုသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအတား အဆီးတစ်ခုဖြစ်နေကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က အစောပိုင်းတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ရုရှားနိုင်ငံ၌ အလုပ်လက်မဲ့နှုန်းသည် အနိမ့်ဆုံးသို့ရောက်ရှိနေပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်ရုံလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်သားအင်အားမလုံလောက်မှုကို ကြုံတွေ့နေရသဖြင့် အဆိုပါ လုပ်ငန်းများတွင် လိုအပ်သောအလုပ်သမားများ ဖြည့်ဆည်းပေးနိုင်ရေး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် ဖော်ရွေသောနိုင်ငံများမှ ရုရှားနိုင်ငံသို့ ခေါ်ယူခန့်အပ်နိုင်ရန် ရုရှားအလုပ်သမားအေဂျင်စီများမှတစ်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Source : https://tass.com/economy/1982427
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)