International News

၂၀၂၅ ခုနှစ်၏ ပထမ ၆ လ အတွင်း တရုတ်-ဗီယက်နမ် ကုန်တင်ရထားပို့ဆောင်မှု သုံးဆနီးပါး မြင့်တက်လာ

Last Updated:

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(Guangxi Zhuang Autonomous Region)မှ ဗီယက်နမ်နိုင်ငံသို့ထွက်ခွာသော ကုန်တင်ရထားများ သည် ၂၀၂၅ ခုနှစ် ပထမ ၆ လအတွင်း ကုန်ပစ္စည်း ၁၈,၈၇၀ TEU ကိုပို့ဆောင်နိုင်ခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၈၃ ရာခိုင်နှုန်းမြင့်တက်လာကြောင်း China Railway Nanning Group က ထုတ်ပြန်ခဲ့သည်။

China Railway Nanning Group ၏ နန်နင်းရထားပို့ဆောင်ဆက်သွယ်ရေးစင်တာ (Nanning Railway Logistics Center)မှထုတ်ပြန်ချက်များအရ ယခုကာလအတွင်း ကွမ်ရှီးမှ ဗီယက်နမ်သို့ ပို့ဆောင်သော ကားအစိတ်အပိုင်းများ(Auto parts) နှင့် ဖိုင်ဘာဘုတ်များ(fiberboard)၏ ပမာဏသည် ကုန်သေတ္တာ ၂,၅၂၈ TEU နှင့် ၄,၅၈၀ TEU အသီးသီးရှိခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၀၀ ရာခိုင်နှုန်း နှင့် ၃၉၈ ရာခိုင်နှုန်းစသည်ဖြင့် မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

ထူးခြားသောဆောင်ရွက်မှုတစ်ခုအနေဖြင့် တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ကျန်စူး (Jiangsu)ပြည်နယ်နှင့် တောင်ပိုင်းရှိ ကွမ်တုံ(Guangdong)ပြည်နယ်တို့မှ မော် တော်ကားများနှင့် မော်တော်ဆိုင်ကယ်အစိတ်အပိုင်းများကို ပြည်တွင်းရထားများဖြင့် နန်နင်းအပြည်ပြည်ဆိုင်ရာရထားဘူတာရုံသို့ သယ်ယူခဲ့ကြပြီးနောက် တရုတ်-ဗီယက်နမ်အပြည်ပြည်ဆိုင်ရာကုန်တင်ရထားများဖြင့် ဗီယက်နမ်နိုင်ငံသို့ ဆက် လက်ပို့ဆောင်ခြင်းဖြင့် ပို့ဆောင်ရေးကဏ္ဍ၏ ကြီးမားသော အောင်မြင်မှုအသစ်ကို ဖြစ်ပေါ်စေခဲ့သည်။

၂၀၂၅ ခုနှစ်တွင် တရုတ်-ဗီယက်နမ်ကုန်တင်ရထားများ၏ ပုံမှန်ခရီးစဉ်အရေ အတွက်ကို တစ်ပတ်လျှင် ၅ ကြိမ်မှ ၁၄ ကြိမ်အထိတိုးမြှင့်ခဲ့ပြီး တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့မှုအတွက် ပိုမိုများပြားသော သယ်ယူပို့ဆောင်ရေးရွေးချယ်စရာများအဖြစ် ပံ့ပိုးပေးနိုင်ခဲ့သည်။ လက်ရှိအချိန်တွင် ကွမ်ရှိးဒေသ၏မြို့တော်ဖြစ်သော နန်နင်းမြို့မှ ဗီယက်နမ်နိုင်ငံရှိ ရန်ဗီယင်မြို့(Yen Vien)သို့ ကုန်တင်ရထားဖြင့် အမြန်ဆုံးပို့ဆောင်နိုင်သည့် ကြာချိန်အနေဖြင့် ၁၄ နာရီသာကြာမြင့်မည်ဖြစ်သည်။

ယနေ့အချိန်အထိ ကွမ်ရှီးဒေသမမှထွက်ခွာသော တရုတ်-ဗီယက်နမ်ကုန်တင်ရထား များသည် ကုန်ပစ္စည်းအမျိုးအစားပေါင်း ၃၈၀ ကျော်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး ကျန်စူး(Jiangsu)ပြည်နယ်၊ ကွမ်တုံ(Guangdong)ပြည်နယ်နှင့် တရုတ်နိုင်ငံမြောက်ပိုင်းရှိ ဟေးဘေ(Hebei)ပြည်နယ်တို့အပါအဝင် တရုတ်နိုင်ငံ၏ပြည်နယ်ပေါင်း ၂၅ ခုမှ ကုန်စည်များကို သယ်ယူပို့ဆောင်ပေးလျက်ရှိပါသည်။

တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ကုန်တင်ရထားလမ်းကြောင်းများသည် ယခုအခါ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံများအပါအဝင် အရှေ့တောင်အာရှနိုင်ငံများစွာသို့ ကျယ်ပြန့်စွာဖြန့်ကျက်လျက်ရှိပြီး တရုတ်-အာဆီယံစီးပွားရေးနှင့် ကုန်သွယ်ရေးဆက်သွယ်မှုများအတွက် "အမြန်လမ်း"(fast track) တစ်ခုအဖြစ် ပံပိုးပေးလျက်ရှိကြောင်း သိရှိရသည်။

အရင်းမြစ်။ https://en.people.cn/n3/2025/0711/c90000-20338875.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News