International News

စင်ကာပူ-အင်ဒိုနီးရှားဝန်ကြီးအဆင့် စီးပွားရေးလုပ်ငန်းအဖွဲ့ ၆ ခု၏ (၁၅) ကြိမ်မြောက်အစည်းအဝေးကျင်းပ

Last Updated:

စင်ကာပူ-အင်ဒိုနီးရှားဝန်ကြီးအဆင့်စီးပွားရေးလုပ်ငန်းအဖွဲ့ ၆ ခု၏ (၁၅)ကြိမ်မြောက်အစည်းအဝေး(15th Singapore-Indonesia Six Bilateral Economic Working Groups Ministerial Meeting)ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က စင်ကာပူမြို့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနဝန်ကြီး Gan Kim Yong နှင့်အင်ဒိုနီးရှားနိုင်ငံ၊ စီးပွားရေးရာညှိနှိုင်းရေးဝန်ကြီးဌာန ဝန်ကြီး Airlangga Hartarto တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

စီးပွားရေးလုပ်ငန်းအဖွဲ့ ၆ ခုမှာ ဘင်တန်ကျွန်း(Bintan)၊ ဘာတန်မြို့(Batam)နှင့် Karimun ကျွန်းနှင့် အခြားအထူးစီးပွားရေးဇုန်များ၊ ရင်းနှီးမြှုပ်နှံမှုများ၊ လူ့စွမ်းအား၊ ပို့ဆောင်ရေး၊ စိုက်ပျိုုးရေးအခြေပြု စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းစသည့်ကဏ္ဍ ၆ ခုတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ရန်အတွက် စင်ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအကြား အဓိကစီးပွားရေးစင်္ကြံဖြစ်ပါသည်။

အစည်းအဝေးတွင် စင်ကာပူနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံအကြား နှစ်နိုင်ငံစီးပွားရေးအရဆက်ဆံရေးကိုခိုင်မာစေရေးထပ်လောင်းကတိကဝတ်ပြုခဲ့ပြီး စက်မှုဇုန်ဆိုင်ရာ အခြေခံအဆောက်အအုံများ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍနှင့် အစိမ်းရောင်စီးပွားရေးတို့အပါအဝင် နှစ်နိုင်ငံ၏စီးပွားရေးတွင် အရေးကြီးသည့်ကဏ္ဍများ၌ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိုဆွေးနွေးခဲ့ကြပါသည်။ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်နှင့် ရင်းနှီးမြှုပ်နှံ မှုများကို ဆွဲဆောင်နိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းများတိုးတက်ခြင်း၊ ဖြစ်ပေါ် လာသည့်အခွင့်အရေးများကိုရယူ၍ ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများကို အကူအညီပေးခြင်းတို့မှာ အရေးကြီးကြောင်း နှစ်နိုင်ငံဝန်ကြီးများက အလေးပေးပြောကြားခဲ့ပါသည်။ ဘင်တန်ကျွန်း(Bintan)၊ ဘာတန်မြို့(Batam)နှင့် Karimun ကျွန်းတို့တွင် ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားလျက်ရှိသည့်အချက်၊ လေကြောင်း ချိတ်ဆက်မှုများတွင် တိုးတက်ခဲ့မှု၊ ရေရှည်တည်တံ့သည့် စီးပွားရေးတိုးတက်မှုဖြစ်ပေါ်စေရေး နှစ်နိုင်ငံ၏အားထုတ်မှုကို အထောက်အကူဖြစ်စေမည့် နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေးနှင့် ကာဗွန်ဓာတ်ငွေ့ဖမ်းယူသိုလှောင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေတို့ကို ကြိုဆိုခဲ့ပြီး လူ့စွမ်းအားအရင်းအနှီးဖွံ့ဖြိုးတိုးတက်မှုတွင် တိုးတက်နေမှုအခြေအနေတို့ကို အသိအမှတ်ပြုခဲ့ပါသည်။

နှစ်နိုင်ငံဝန်ကြီးများသည် စိုက်ပျိုးရေးနည်းပညာပူးပေါင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင်ရန်နှင့် အင်ဒိုနီးရှားတင်သွင်းသူများနှင့် စင်ကာပူတင်ပို့သူများအတွက် ကုန်သွယ်မှုအခွင့်အလမ်းအသစ်များဖန်တီးရန် စသည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံအကြား ပြည်သူများသွားလာမှုတို့ကို မြှင့်တင်နိုင်မည့် နှစ်နိုင်ငံအကြား စီးပွားရေးအရ ချိတ်ဆက်မှုများ ပိုမိုခိုင်မာစေရေးထပ်မံကတိကဝတ်ပြုခဲ့ပါသည်။

စင်ကာပူနိုင်ငံ၏ Sembcorp Development Ltd နှင့် အင်ဒိုနီးရှားနိုင်ငံ၏ PT Batamraya Sukses Perkasa တို့အကြား Karimun ကျွန်းတွင်ပြုလုပ်မည့် ကာဗွန်နည်းစက်မှုဥယျာဉ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်၊ စင်ကာပူတစ်ပိုင်းလျှပ်ကူးပစ္စည်းစက်မှုအသင်း(Singapore Semiconductor Industry Association)နှင့် အင်ဒိုနီးရှားကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုအသင်း (Indonesian Chamber of Commerce and Industry)တို့အကြား တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့်လျှပ်စစ်ထုတ်ကုန်ပစ္စည်းတို့တွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဈေးကွက်ပိုမိုရရှိစေရေး နှစ်ဖက်စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာတို့ကို နှစ်နိုင်ငံဝန်ကြီးများရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

စင်ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လွန်ခဲ့သောနှစ်များတွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ တစ်ဖြည်းဖြည်းတိုးတက်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၅၇.၆ ဘီလီယံရှိပြီး ၂၀၁၄ ခုနှစ်မှစ၍ စင်ကာပူနိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွင် အဓိကနိုင်ငံဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံရှိ စင်ကာပူနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၀.၁ ဘီလီယံကျော်ရှိပါသည်။

ရင်းမြစ်။        Ministry of Trade and Industry

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News