ကော်လ်ကတ္တားဆိပ်ကမ်းသည် Khidderpore Docks တွင် ၎င်း၏ ပထမဆုံးအစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု(PPP)ဆိပ်ခံတံတားကို ယခုလ ၁၆ ရက်(စနေနေ့)က ဖွင့်လှစ်ခဲ့ပြီး သမိုင်းဝင်ဆိပ်ကမ်းစနစ်၏ အသွင်ပြောင်းလဲမှုတွင် အရွေ့တစ်ခုကို ဖော်ပြနေကြောင်း Infra-Eco nomic Times က ယခုလ ၁၇ ရက်နေ့က ဖော်ပြသည်။
Century Ports Ltd မှ ရူပီး ၁၉၀ ကုဋေကုန်ကျစရိတ်ဖြင့် တာဝန်ယူတည်ဆောက်ခဲ့သော Terminal ကို Syama Prasad Mookerjee Port, Kolkata(SMPK) က တရားဝင်လုပ်ကိုင်ခွင့်ချထား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေ့လျားဝန်ချီစက်တစ်ခု(Mobile harbour crane)၊ ကုန်တင်လှေကုန်ချစက်တစ်ခု(Barge unloader)၊ ခေတ်မီကွင်းပြင်သုံးပစ္စည်းကိရိယာများနှင့် အဆင့်မြင့်ဆိပ်ခံတံတားလုပ်ငန်းလည်ပတ်မှုစနစ် (Advanced terminal operating system-TOS)တို့တပ်ဆင်ထားသည့် အဆိုပါအဆောက်အအုံသည် ကနဦးကွန်တိန်နာ TEU(ပေ ၂၀ ညီမျှယူနစ်) ၁ ဒသမ ၆၅ သိန်းနှင့် အခြားကုန်စည်တန်ချိန် ၃ ဒသမ ၃ သိန်းကို ကိုင်တွယ်နိုင်စွမ်းရှိကြောင်း တွေ့ရှိရသည်။
"Khidderpore Docks ရှိ ပထမဆုံး PPP ဆိပ်ခံတံတားအား ဖွင့်လှစ်နိုင်ခြင်းသည် ကုန်စည်ကိုင်တွယ်မှုတိုးမြှင့်ခြင်းအတွက် လမ်းခင်းပေးပြီး ဆိပ်ကမ်းရှိအခြားဆိပ်ခံတံတားများ ခေတ်မီတိုးတက်ရေးကို အားပေးပါတယ်။၎င်းသည် မဆုတ်မနစ်ကြိုးပမ်းမှု၊ပူးပေါင်းဆောင်ရွက်မှုနှင့် အမြင် ကျယ်မှုတို့ရဲ့ ရလဒ်ဖြစ်ပါတယ်" ဟု ဥက္ကဋ္ဌ Rathendra Raman က ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်က နှစ် ၃၀ ကာလအတွက်လက်မှတ်ရေးထိုးခဲ့သော စီမံကိန်း အတွက် လုပ်ပိုင်ခွင့်ဆိုင်ရာသဘောတူညီချက်(The concession agree ment)သည် ကုန်းလမ်း၊ ရထားလမ်းနှင့် ပြည်တွင်းရေကြောင်းလမ်းတို့သို့ ပေါင်းစပ်ချိတ်ဆက်မှုဖြင့် ကုန်စည်စီးဆင်းမှုကိုမြှင့်တင်ရန်မျှော်မှန်းထားကြောင်း သိရသည်။
SMPK က ကော်လ်ကတ္တားနှင့် Haldia Docks များတွင် လာမည့်နှစ်အတွင်း လုပ်ငန်းစတင်ရန်စီစဉ်ထားသည့် ရူပီး ၄,၀၀၀ ကုဋေကျော် တန်ဖိုးရှိ PPP စီမံကိန်းများသည် ယခုအခါ လမ်းကြောင်းပေါ်တွင် ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: Infra-Economic Times, Kolkata Port inaugurates first PPP terminal at Khidderpore Docks, Aug 17, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)