အမေရိကန်သည် ဗီယက်နမ်နိုင်ငံအပါအဝင် နိုင်ငံနှင့် နယ်မြေပေါင်း ၆၉ နိုင်ငံ၏ အပြန်အလှန်သွင်းကုန်ခွန်နှုန်းထားများပြင်ဆင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံအတွက် အပြန် အလှန်သွင်းကုန်ခွန်နှုန်းထားကို ၄၆ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိသိသိသာသာလျှော့ချခဲ့ကြောင်း VN Express International အွန်လိုင်းသတင်းဖော်ပြချက်အရသိရှိရပါသည်။ အိမ်ဖြူတော်က သမ္မတဒေါ်နယ်ထရမ့်လက်မှတ်ရေးထိုးထားသည့် အပြန်အလှန်သွင်းကုန်ခွန်စည်းကြပ်မှုနှင့်ပတ်သက်သည့် အမိန့်ထုတ်ပြန်ပြီးနောက် ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်သောကြာနေ့က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါထုတ်ပြန်ချက်နောက်ဆက်တွဲစာရင်းတွင် ဖော်ပြထားသော အချက်အလက်များအရ ဗီယက်နမ်နိုင်ငံသည် အမေရိကန်မှ သက်သာသောအကောက်ခွန်နှုန်းထားခွင့်ပြုထားသော နိုင်ငံများစာရင်းတွင်ပါဝင်ကြောင်း သိရှိရပါသည်။
ဧပြီလနှောင်းပိုင်းတွင် အမေရိကန်တို့၏ အပြန်အလှန်သွင်းကုန်ခွန်စည်းကြပ်မှုရွှေ့ဆိုင်းမှုအား ကြေညာပြီးနောက် အမေရိကန်နိုင်ငံနှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် H.E ဖန်မင်းချင်မှ ကုန်သွယ်ရေးဝန်ကြီးဦးဆောင်သော အစိုးရညှိနိုင်ရေးအဖွဲ့ကိုဖွဲ့စည်းကာ ညှိနှိုင်းရေးအစီအစဉ်များရေးဆွဲရန် ညွှန်ကြားခဲ့သည်။
စေ့စပ်ညှိနှိုင်းမှုအတွင်း ဗီယက်နမ်နှင့် အမေရိကန်တို့သည် အခွန်အခများ၊ ပင်ရင်းနိုင်ငံစည်းမျဉ်း၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ၊ စိုက်ပျိုးရေး၊ အကောက်ခွန်ရှင်းလင်းရေးဆောင်ရွက်မှုများ၊ ဒီဂျစ်တယ်ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့်ရင်းနှီး မြှုပ်နှံမှု၊ ဉာဏပစ္စည်းမူပိုင်ခွင့်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ထောက်ပံ့ရေးကွင်းဆက်များနှင့် ပိုမိုကျယ်ပြန့်သော ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုတို့အပါ အဝင်ကိစ္စရပ်များတွင် တိုးတက်အောင်မြင်မှုရရှိခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံနှင့် အမေရိကန်တို့သည် နှစ်နိုင်ငံလုံးအတွက် ပွင့်လင်းမြင်သာမှု၊ အပြုသဘောဆောင်မှု၊ တရားမျှတမှု၊ လေးစားမှုနှင့်အပြန်အလှန်လေးစားမှု၊ အပြန် အလှန်အကျိုးကျေးဇူးရှိမှု၊ နိုင်ငံတစ်ခုချင်းစီ၏ စီးပွားရေးအခြေအနေနှင့် လိုအပ် ချက်များကိုထည့်သွင်းစဉ်းစား၍ အပြန်အလှန်အကျိုးရှိသော ကုန်သွယ်မှုသဘော တူညီချက်တစ်ရပ်အပြီးသတ်နိုင်ရေး ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထို့အပြင် ဗီယက်နမ်-အမေရိကန်ဘက်စုံမဟာဗျူဟာမြှောက်မိတ်ဖက်ဆက်ဆံရေးကို ထင်ဟပ်စေမည့် တည်ငြိမ်သောစီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကိုမြှင့်တင်ရန် နှစ်ဖက်စလုံးမှ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်အကောက်ခွန်ဌာန၏အချက်အလက်များအရ ဗီယက်နမ်နှင့် အမေရိကန်ကြား နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄၉.၇ ဘီလီယံအထိရှိခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် အမေရိကန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၃၆.၆ ဘီလီယံတင်ပို့ခဲ့ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃.၁ ဘီလီယံဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့်် ဗီယက်နမ်အတွက် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၂၃.၅ ဘီလီယံရှိခဲ့ပြီး တရုတ်နှင့် မက္ကဆီကိုတို့ပြီးလျှင် အမေရိကန်၏ တတိယအကြီးဆုံးကုန်သွယ်မှုပိုငွေပြသည့် မိတ်ဖက်ဖြစ်လာသည်။
ယခုနှစ် ပထမ ၅ လတွင် ဗီယက်နမ်နှင့် အမေရိကန်ကြား ၂ နိုင်ငံကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၇၇.၄ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာနှင့်နှိုင်းယှဉ်ပါက ၃၆.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန်သို့ ဗီယက်နမ်၏ စုစုပေါင်းပို့ကုန်သည် အမေရိကန်ဒေါ်လာ ၇၁.၇ ဘီလီယံရှိပြီး ၃၇.၃ ရာခိုင်နှုန်းတိုးလာကြောင်း၊ အမေရိကန်မှ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံ ရှိပြီး ၇ ရာခိုင်နှုန်းတိုးလာကြောင်း သိရှိရပါသည်။
ဗီယက်နမ်သည် အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေအမေရိကန်ဒါ်လာ ၆၄.၈ ဘီလီယံစံချိန်တင် ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၉ ရာခိုင်နှုန်းမြင့်တက်လာကာ တရုတ်၊ မက္ကဆီကိုနှင့် အိုက်စလန်တို့ပြီးလျှင် ကမ္ဘာ့စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဆင့်သတ်မှတ်ထားကြောင်း ရေးသားဖော်ပြထားပါသည်။
Source: VN Express International
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)