International News

ကမ္ဘာ့အကောင်းဆုံးပင်လယ်ဆိပ်ကမ်းနှင့်  အာရှတွင် အကောင်းဆုံးပင်လယ်ဆိပ်ကမ်းအဖြစ် သတ်မှတ်ခံရသည့် စင်ကာပူနိုင်ငံ

Last Updated:

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ဟောင်ကောင်၌ ပြုလုပ်ခဲ့သည့် အာရှကုန်စည်ပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်စည်ပေးသွင်းမှုကွင်းဆက် ၂၀၂၅(2025 Asian Freight, Logistics and Supply Chain-AFLAS)တွင် စင်ကာပူဆိပ်ကမ်းကို (၄) ကြိမ်မြောက် “ကမ္ဘာ့အကောင်းဆုံး ပင်လယ်ဆိပ်ကမ်း” နှင့် (၃၇) ကြိမ်မြောက်  “အာရှတွင် အကောင်းဆုံးပင်လယ်ဆိပ်ကမ်း”အဖြစ် သတ်မှတ်ခံရကြောင်း၊ကမ္ဘာ့ကုန်စည်ပေးသွင်းမှုကွင်းဆက်တွင် အဓိကနေရာဖြစ်စေရေးအတွက် စင်ကာပူနိုင်ငံ၏ ဦးဆောင်မှုနှင့် ဆောင်ရွက်နိုင်မှုတို့ကြောင့် ထိုသို့သတ်မှတ်ခြင်းခံရကြောင်း စင်ကာပူပင်လယ်ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ၃-၉- ၂၀၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

AFLAS ဆုချီးမြှင့်ခြင်းအခမ်းအနားကို “Asia Cargo News” က နှစ်စဉ်ကျင်းပပြုလုပ်ပြီး ဝန်ဆောင်မှုကောင်းမွန်ခြင်း၊ တီထွင်ဆန်းသစ်ခြင်းနှင့်ယုံကြည်အားထား ရခြင်းတို့အတွက် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်သူများကိုအသိအမှတ် ပြုသည့်ဆုဖြစ်ပါသည်။ ဆုရရှိသူများကို “Asia Cargo News” ဖတ်ရှုသူ ၁၅,၀၀၀ ကျော်မှ အမည်စာရင်းရွေးချယ်ပေးခြင်းဖြစ်ပါသည်။

စင်ကာပူပင်လယ်ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့၏ အမှုဆောင်ချုပ် Mr. Ang Wee Keong က “ရရှိခဲ့သည့်ဆုများသည် စင်ကာပူနိုင်ငံရှိ လုပ်ငန်းကဏ္ဍမှ ပါဝင်ပတ်သက်သူများ၊ နိုင်ငံတကာမှ မိတ်ဖက်လုပ်ငန်းများ၊ သုတေသနအသိုင်း အဝိုင်းနှင့် ကုန်သွယ်ရေးသမဂ္ဂများ၏ စုပေါင်းအားထုတ်မှုကြောင့်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံကို ကမ္ဘာ့အဓိကဆိပ်ကမ်းနှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းစင်တာအဖြစ် ဖွံ့ဖြိုးတိုးတက်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံကို ပင်လယ်ရေကြောင်းသင်္ဘောများဆိုက်ကပ်ရန် ရွေးချယ်ရာဆိပ်ကမ်းဖြစ်စေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        စင်ကာပူပင်လယ်ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News