ရာသီဥတုပြောင်းလဲမှုနှင့်ပတ်ဝန်းကျင်ဝန်ကြီးဌာန(MOCCAE)သည် ယူအေအီးနိုင်ငံ ၏ရေရှည်တည်တံ့သော၊ ရာသီဥတုနှင့်လိုက်လျောညီထွေမှုရှိသော စိုက်ပျိုးရေးလုပ်ငန်းများသို့ကူးပြောင်းမှုကို အရှိန်မြှင့်တင်ရန်နှင့် တစ်နိုင်ငံလုံးရှိတောင်သူများအတွက် ပံ့ပိုးမှုစနစ်များကိုအားကောင်းစေရန် ပထမဆုံးသော အမျိုးသားစိုက်ပျိုး ရေးလမ်းညွှန်မှုဖိုရမ်ကို စတင်ဆောင်ရွက်ခဲ့ပါသည်။
Al Ain ပြည်နယ်ရှိ ADNEC စင်တာတွင် ကျင်းပသော အီးမရိတ်စိုက်ပျိုးရေးညီလာခံနှင့် ပြပွဲ ၂၀၂၅ နှင့်အတူကျင်းပခဲ့သည့် အဆိုပါဖိုရမ်ကို His Highness Sheikh Mansour bin Zayed Al Nahyan ၏ လမ်းညွှန်မှုဖြင့်ကျင်းပခဲ့ပြီး ကျွမ်းကျင်သူများ၊ တောင်သူများနှင့်မူဝါဒချမှတ်သူများကို စုစည်းခဲ့ကြပါသည်။ ဤအစီအစဉ်တွင်တောင်သူများအား နောက်ဆုံးပေါ်ဆန်းသစ်တီထွင်မှုများနှင့် အကောင်းဆုံးသော အလေ့အကျင့်များဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရန်ရည်ရွယ်ပြီး စိုက်ပျိုးရေးလမ်းညွှန်မှုကို စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကမဏ္ဍိုင်အဖြစ်အား ဖြည့်ပေးနိုင်ရန် ရည်ရွယ်ထားပါသည်။
MOCCAE ၏စားနပ်ရိက္ခာကွဲပြားမှုကဏ္ဍဆိုင်ရာလက်ထောက်အတွင်းဝန် Dr. Mohammed Salman Al Hammadi က ယူအေအီးနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍသည် လျင်မြန်စွာပြောင်းလဲနေချိန်တွင် ဤဖိုရမ်သည် အချိန်မီလှုပ်ရှားမှုတစ်ခုဖြစ် ကြောင်း၊ သုတေသနအဖွဲ့အစည်းများနှင့် တောင်သူများကြား ကွာဟချက်ကိုပေါင်းကူးပေးရာတွင် လမ်းညွှန်သည့်အရာရှိများ၏အခန်းကဏ္ဍကို ၎င်းက အလေး ပေးပြောကြားခဲ့ပြီး နည်းပညာဆိုင်ရာအသိပညာကို လက်တွေ့လယ်ယာလုပ်ငန်း ခွင်များအဖြစ် ပြောင်းလဲစေနိုင်ရန် ပြောကြားခဲ့ပါသည်။
ဤဖိုရမ်၌ စိုက်ပျိုးရေးဆိုင်ရာတိုးချဲ့ပညာပေးလုပ်ငန်းများတွင် အမျိုးသမီးများ၏ ဦးဆောင်မှု၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ တောင်သူများ၏အောင်မြင်မှုဇာတ် လမ်းများနှင့် လယ်ယာသင်တန်းကျောင်းများကဲ့သို့ ခေတ်မီသင်တန်းနည်းလမ်းများအပေါ် ဆွေးနွေးမှုများတို့ပါဝင်ခဲ့ကြပါသည်။ အထူးသဖြင့် FAO မှကျွမ်းကျင်ပညာ ရှင်များက ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ကုန်ထုတ်စွမ်းအားကိုမြှင့်တင်ခြင်းတို့တွင် စိုက်ပျိုးရေးလမ်းညွှန်မှု၏အရေးပါပုံကို အလေးပေးပြောကြား ခဲ့ကြပါသည်။
တက္ကသိုလ်များနှင့်ထွန်းသစ်စလုပ်ငန်းများအပါအဝင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့မှ အဖွဲ့အစည်းပေါင်း ၈၀ ကျော်ပါဝင်တက်ရောက်မှုဖြင့် ဤဖိုရမ်သည် မိတ်ဖက်အသစ်များနှင့်မူဝါဒဆိုင်ရာအစီအစဉ်သစ်များအတွက် အခြေအနေတစ်ရပ်ကိုဖန်တီးပေးခဲ့ပါသည်။ ၎င်းသည် 'Plant the Emirates' အမျိုးသားအစီအစဉ်၏ ကျယ်ပြန့်သောရည်မှန်းချက်များနှင့်ကိုက်ညီမှုရှိပြီး စိမ်းလန်းစိုပြေသောနေရာများကိုတိုးချဲ့ရန်နှင့် ယူအေအီးနိုင်ငံ၏စိုက်ပျိုးရေးမြင်ကွင်းကို ယခင်စော်ဘွားကြီးဖြစ်သူ Sheikh Zayed ၏အမြင်နှင့်အညီ ခေတ်မီအောင်ပြုလုပ်သွားနိုင်ရန် ရည်ရွယ်ထားပါသည်။
အဆိုပါဖိုရမ်တွင် တိုးချဲ့ဝန်ဆောင်မှုများကိုမြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သောစားနပ်ရိက္ခာစနစ်များအတွက် ယူအေအီးနိုင်ငံ၏ကတိကဝတ်ကိုအားဖြည့်စေမည့် မဟာဗျူဟာမြောက်အကြံပြုချက်များဖြင့် နိဂုံးချုပ်ခဲ့ကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။
Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)