အိန္ဒိယနိုင်ငံသည် လာမည့် ၅ နှစ်အတွင်း ၎င်း၏ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးအခြေခံပို့ကုန်များကို နှစ်ဆတိုးမြှင့်ရန်နှင့် အိန္ဒိယဆန်အတွက် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်သစ်များဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း စားသုံးသူရေးရာ၊ အစား အသောက်နှင့် အများပြည်သူဖြန့်ဝေရေးဝန်ကြီး Pralhad Joshi က ဗီဒီယိုသတင်း စကားတစ်ခုတွင် ပြောကြားခဲ့သည်။၎င်းက "ကျွန်တော်တို့အနေဖြင့် လာမည့်၅ နှစ် အတွင်း အများပြည်သူဖြန့်ဝေရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်နှင့် ခေတ်မီအောင် လုပ်ဆောင်ရန်၊ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးအခြေခံပို့ကုန်များကို နှစ်ဆတိုးမြှင့်ရန်နှင့် အိန္ဒိယဆန်အတွက် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်သစ်များဖွင့်လှစ်ရန် ရည်မှန်းထားပါတယ်"ဟု ၎င်းက ပြောကြား ခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၁၅ ရက်က ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်များတွင် ၎င်း၏တည်ရှိမှုကို ချဲ့ထွင်နေသော်လည်း ခိုင်မာသော အများပြည်သူဖြန့်ဝေရေးစနစ်မှတစ်ဆင့် နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန်မှာ ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက်တည်ရှိနေမည်ဟု Joshi က ထပ်လောင်းပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် ဘာရတ်အပြည်ပြည်ဆိုင်ရာ ဆန်ညီလာခံ(Bharat International Rice Conference-BRIC 2025)ကို စီစဉ်ကျင်းပသည့် အိန္ဒိယဆန်တင်ပို့သူများအဖွဲ့ချုပ်(Indian Rice Exporters Federation-IREF)ကို ဂုဏ်ပြုစကားပြောကြားရာတွင် ၎င်းက "ဘာရတ်အပြည်ပြည်ဆိုင်ရာဆန်ညီလာခံ ၂၀၂၅ သည် ကျွန်တော်တို့၏ဗစ်ဆစ်ဘာရတ် ၂၀၄၇ (Viksit Bharat 2047)သို့ သွားရောက်ရာခရီးစဉ်တွင် အဓိကမှတ်တိုင်တစ်ခုဖြစ်လာမည်ဖြစ်ပြီး၊ ၎င်းရည်မှန်းချက်၏ ဗဟိုတွင် ကျွန်တော်တို့ရဲ့ တောင်သူများနှင့် စားသုံးသူများ ပါဝင်နေပါတယ်" ဟု ပြောကြားခဲ့သည်။
ဝန်ကြီးက ဆန်ကုန်သွယ်ရေးတွင် နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူနေရာကို ခိုင်မာစေရန် အစိုးရ၏ ရေရှည်စီမံကိန်းကိုလည်း ချပြပြောကြားခဲ့သည်။လယ်ယာမှ စားသုံးသူအထိ အစားအသောက်ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက်လုံးတွင် အရည်အသွေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် တတ်နိုင်သောဈေးနှုန်းတို့ကို အာရုံစိုက်ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။ Joshi က "အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးဆန်ထုတ်လုပ်သူနှင့် ထိပ်တန်းတင်ပို့သူသာမကဘဲ အိမ်ထောင်စုတိုင်းအတွက် အစားအသောက်နှင့် အာဟာရဖူလုံရေးကို အလေးထားဆောင်ရွက်သည့် နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်" ဟု ထပ်လောင်းပြောကြားခဲ့သည်။
အစိုးရသည် အရည်အသွေး၏ အမြင့်ဆုံးစံနှုန်းများကို ထိန်းသိမ်းရန်၊ ခြေရာခံနိုင်မှုနှင့် ကုန်ပစ္စည်းအညွှန်းအမှတ်အသားကပ်ခြင်းစနစ်များ တိုးတက်ကောင်းမွန်လာစေရန်တို့မှတစ်ဆင့် ပွင့်လင်းမြင်သာမှုကိုမြှင့်တင်ရန် ဆုံးဖြတ်ထားကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ အဆိုပါဆောင်ရွက်ချက်များသည် ရေရှည်တည်တံ့သော၊ တန်ဖိုးမြှင့်တင်ထားသည့် ဆန်ထွက်ကုန်များ တိုးတက်ကြီးထွားလာမှုကိုလည်း အထောက်အကူပြုမည်ဟု ၎င်းက ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရ၏ လာမည့်အစီအစဉ်များကို ပြောကြားရာတွင် ဂျိုရှီက ဝန်ကြီးဌာနသည် အများပြည်သူဖြန့်ဝေရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်နှင့် ခေတ်မီအောင်လုပ်ဆောင်ရန်၊ ပို့ကုန်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ခိုင်မာစေရန်နှင့် တောင်သူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
"ကျွန်တော်တို့ရဲ့ ချဉ်းကပ်မှုက တောင်သူကို ဦးစားပေးပြီး စားသုံးသူကို ဗဟိုပြုထားခြင်းဖြစ်ပြီး၊ ပို့ကုန်တိုးတက်မှုမှတစ်ဆင့် တောင်သူများ၏ သာယာဝပြောမှုနှင့် လူတိုင်းအတွက် အစားအသောက်ဖူလုံရေးတို့နှင့်အတူ လက်တွဲသွားမည်ဟု အာမခံပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးဈေးကွက်တွင် အိန္ဒိယ၏ အလားအလာကို အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်သူအားလုံးကို "မျှော်မှန်းချက်ကြီးကြီးထားရန်နှင့်ရဲရဲဝံ့ဝံ့စီစဉ်ဆောင်ရွက်ရန်" ၎င်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။
Source: The Hindu Businessline, India aims to double agri exports, open new global markets for rice in five years: Minister Pralhad Joshi, October 15, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)