ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးကုန်စည်ပြပွဲဖြစ်သည့် ဆောင်းဦးရာသီပွဲတော် (Autumn Fair 2025)ကို ဟနွိုင်းမြို့ရှိ ဗီယက်နမ်ကုန်စည်ပြပွဲဗဟိုဌာန၌ အောက်တိုဘာ ၂၅ ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ပြပွဲဖြစ်မြောက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ Mr. Nguyen Sinh Nhat Tan က အောက်တိုဘာ ၁၄ ရက်နေ့တွင် ပြုလုပ်သည့် သတင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
အဆိုပါပြပွဲသည် ပြခန်းပေါင်း ၃၀၀၀ ကျော်ပါဝင်ပြီး စတုရန်းမီတာ ၁၃၀,၀၀၀ ကျယ်ဝန်းကာ စက်မှု၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုများ၊ ထောက်ပံ့နှင့်ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ ဒီဂျစ်တယ်နည်းပညာများအပါအဝင် နယ်ပယ်အသီးသီးမှ ကုန်စည်ပစ္စည်းများကို ပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကုန်စည်ပြပွဲတွင် ပြည်နယ်နှင့် မြို့ကြီး ၃၄ ခု၊ ဝန်ကြီးဌာနအသီးသီးနှင့် ဗဟိုအေဂျင်စီများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၊ သမဝါယမနှင့် ကော်ပိုရေးရှင်းကြီးထောင်ပေါင်းများစွာမှ ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထုတ်ကုန်များကို ခင်းကျင်းပြသရန်နှင့် ပူးပေါင်းဆောင်ရွက်ရေးအခွင့်အလမ်းများ ရှာဖွေကြိုးပမ်းနေသည့် နိုင်ငံတကာမိတ်ဖက်များနှင့် လုပ်ငန်းအများအပြားကိုလည်းပါဝင်ပြသနိုင်ရေး ဖိတ်ခေါ်သွားမည်ဖြစ်ပါသည်။ ပြပွဲစီစဉ်သူများအနေဖြင့် ယခုပွဲသို့ နေ့စဉ်လာရောက်ကြည့်ရှုသူ ၅၀၀, ၀၀၀ ခန့်အထိရှိမည်ဟု မျှော်မှန်းထားသည်။
ကုန်စည်ပြပွဲသည် စားသုံးမှု၊ ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို မြှင့်တင်ရန်နှင့် ယခုနှစ်အတွင်း ဗီယက်နမ်၏ စီးပွားရေးတိုးတက်မှု ၈ ရာခိုင်နှုန်းရရှိရေး ရည်မှန်းချက်ကို ပံ့ပိုးပေးရန် ရည်ရွယ် ထားကြောင်း ဒုတိယဝန်ကြီးမှ ပြောကြားခဲ့ပါသည်။
အဆိုပါပြပွဲသို့ စိတ်ပါဝင်စားသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရေးအတွက် ဖိတ်ခေါ်ထားကြောင်း သိရှိရပါသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)