International News

ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် Mr. Anutin Charnvirankul က ၎င်း၏ စီးပွားရေးဆိုင်ရာအဖွဲ့ကို ထုတ်ဖော်ပြသခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ စီးပွားရေးဆိုင်ရာအဖွဲ့ကို ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Mr. Ekniti Nitithanprapas က ဦးဆောင်မည်ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးအဖြစ် Ms. Suphajee Suthumpun အဖြစ် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် Mr. Anutin Charnvirankul က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ်က စီးပွားရေးဆိုင်ရာအဖွဲ့ကို Bhumjaithai Party(BJP)ရုံးချုပ်၌ မိတ်ဆက်ပေးခဲ့ပြီး အစိုးရအဖွဲ့ဝင် ၂ ဦးနှင့် တင်းကျပ်သော အချိန်ကာလအတွင်း စီးပွား ရေးကိုစီမံခန့်ခွဲရန်အတွက် ဦးစားပေးနှင့် ဗျူဟာများကို ဆွေးနွေးခဲ့ကြောင်း၊ အမည်သတ်မှတ်ချက်များသည် ဝန်ကြီးရာထူးများတွင် တာဝန်ယူမဆောင်ရွက်မီ တော်ဝင်မှအတည်ပြုရမည်ဖြစ်ကြောင်း၊ အတိုက်အခံပါတီ People’s Party နှင့် BJP တို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုသဘောတူစာချုပ်အရ လွှတ်တော် ဖျက်သိမ်းခြင်းနှင့် ရွေးကောက်ပွဲဖိတ်ခေါ်ခြင်းတို့မဆောင်ရွက်မီ BJP ဦးဆောင်သော အစိုးရက ၄ လတာ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ယခုကိုယ်စားလှယ် ၂ ဦးသည် အဓိကအဖွဲ့အစည်းများ၌ ရှည်ကြာသော အတွေ့ အကြုံများရှိပြီးဖြစ်ရာ အရေးကြီးဆုံးအချိန်တွင် နိုင်ငံကိုကူညီရန် သဘောတူညီခဲ့ပါကြောင်း၊ Mr. Ekniti သည် ငွေတိုက် ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီး Ms. Suphajee သည် Dusit Thani Plc ၏ Group CEO ဖြစ်ကြောင်း၊ Ms. Suphajee ကို ၎င်း၏တာဝန်များကို ထမ်းဆောင်ရန် အခွင့်အာဏာပြည့်ပြည့်ဝဝပေးထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ်‌ တာဝန်ထမ်းဆောင်ရန် မျှော်လင့်ချက်ကြီးကြီးမားမားထားရှိပါကြောင်း၊ အချိန်ကာလသည် တိုတောင်းသဖြင့် စိန်ခေါ်မှုနှင့် အ‌ရေးကြီးသော အခိုက်အတန့်ဖြစ်ကြောင်း၊ ကိစ္စရပ်အားလုံးကို အချိန်တိုအတွင်းမဆောင်ရွက်နိုင်သော်လည်း ရရှိနေသည့် အချိန်ကာလအတွင်း အကောင်းဆုံးသောရလဒ်များ ရရှိအောင်မြင်နိုင်မည့် အရာများကို ရွေးချယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Ms. Suphajee က ပြောကြားခဲ့သည်။

ကြိုတင်ဆောင်ရွက်မှုများတွင် လူသိများသော သုံးစွဲမှုလှုံ့ဆော်ပေးသည့်အစီအစဉ် “Khon La Khrueng”(Half-Half co-payment)ဖြစ်ကြောင်း၊ ရေတိုပြန်လည်ကောင်းမွန်ရန်နှင့် ရေရှည်စဉ်ဆက်မပြတ်စေရေးကို မျှတရေးအပေါ် အာရုံစိုက်ဆောင်ရွက်ရန် ဝန်ကြီးချုပ်က မိမိတို့အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း Mr. Ekniti က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News