International News

အိန္ဒိယနိုင်ငံသည် ၂၀၄၇ ခုနှစ်တွင် ပြောင်းသီးနှံထုတ်လုပ်မှု နှစ်ဆကျော်တိုးမြှင့်နိုင်ဟု စိုက်ပျိုးရေးဝန်ကြီး ပြောကြား

Last Updated:

အိန္ဒိယနိုင်ငံသည် လက်ရှိ ပြောင်းသီးနှံထုတ်လုပ်မှုတန်ချိန် ၄၂ ဒသမ ၃ သန်းမှ ၂၀၄၇ ခုနှစ်တွင် တန်ချိန် ၈၆ သန်းအထိ နှစ်ဆကျော်တိုးမြှင့်ထုတ်လုပ်နိုင်ကြောင်းနှင့် ကစီဓာတ်ပိုမိုပါဝင်ပြီး အထွက်နှုန်းမြင့်မား သောမျိုးစေ့များဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်တွန်းခဲ့ကြောင်း စိုက် ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က ယခုလ ၇ ရက်နေ့က ပြောကြားခဲ့သည်။

FICCI အသင်းမှ ကြီးမှူးကျင်းပသည့် (၁၁)ကြိမ်မြောက် ပြောင်းသီးနှံထိပ်သီးညီလာခံ(The 11th maize summit)တွင် ကမ္ဘာ့ပဉ္စမအကြီးဆုံးပြောင်းထုတ်လုပ်သည့်နိုင်ငံအနေဖြင့် မျိုးရိုးဗီဇပြုပြင်ထားသော မျိုးစေ့များအသုံးမပြုဘဲ ထုတ်လုပ်မှုစွမ်းအားကိုမြှင့်တင်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ မျိုးရိုးဗီဇပြုပြင်ထားသောမျိုးစေ့များကို အသုံးပြုထားခြင်းမရှိပါဘူး။ အဲဒီ့လိုအသုံးမပြုထားပေမယ့် ထုတ်လုပ်မှုအဆင့်ကို မြှင့်တင်နိုင်ဆဲဖြစ်ပါတယ်" ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ပျမ်းမျှပြောင်းသီးနှံထုတ်လုပ်မှုစွမ်းအားသည် တစ်ဟက် တာလျှင် ၃ ဒသမ ၇ တန် ရှိပြီး၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘီဟာပြည်နယ်ကဲ့သို့သော အချို့ပြည်နယ်များသည် နိုင်ငံလုံးဆိုင်ရာ ပျမ်းမျှ နှုန်းထက် ပိုမိုမြင့်မားစွာစွမ်းဆောင်နိုင်သော်လည်း ခြုံငုံကြည့်ပါက အထွက်နှုန်းများကို တိုးမြှင့်ရန်လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အိန္ဒိယစိုက်ပျိုးရေးဆိုင်ရာသုတေသနကောင်စီ(Indian Council of Agricultural Research-ICAR)အနေဖြင့် ပြောင်းမျိုးစပ် ၇၇ မျိုးနှင့် ဇီဝအာဟာရဖြည့်တင်းထားသော မျိုး ၃၅ မျိုးအပါအဝင် ပြောင်းသီးနှံမျိုးကွဲပေါင်း၂၆၅ မျိုးကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်း ဆက်လက်လုပ်ဆောင်ရန် များစွာကျန်ရှိနေသေးကြောင်း ဝန်ကြီး၏ အဆိုအရ သိရသည်။

"ပြောင်းသီးနှံတွင် ကစီဓာတ်ပါဝင်မှုကို တိုးမြှင့်ရန်လိုအပ်ပါတယ်။ လက်ရှိ ၆၅ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းရှိသည့်အဆင့်မှ ၇၂ ရာခိုင်နှုန်းအထိတိုးမြှင့်ရန်လိုအပ်ပြီး၊ သို့မှသာ ၎င်းကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ပြောင်းသီးနှံထုတ်လုပ်မှုသည် ၁၉၀၀ ပြည့်နှစ်များတွင် တန်ချိန် ၁၀ သန်းရှိခဲ့ရာမှ လက်ရှိတွင် တန်ချိန် ၄၂ ဒသမ ၃ သန်းအထိတိုးတက်လာခဲ့ကြောင်း သိရသည်။

ပြောင်းထုတ်လုပ်မှုတိုးမြှင့်ရန်အတွက် စပါးစိုက်ပျိုးမှုကို အဓိကထားသည့် Punjab နှင့် Haryana ကဲ့သို့သောပြည်နယ်များသည် ပြောင်းသီးနှံအား ကူးပြောင်းစိုက်ပျိုးသင့်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၂,၄၀၀ ရှိသောကြမ်းခင်းဈေး (MSP)အောက်တွင်ရှိခဲ့သည့် ပြောင်းဈေးနှုန်းများသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် အစိုးရမှ အီသနောရောစပ်မှုပန်းတိုင်ရည်မှန်းချက် ၂၀ ရာခိုင်နှုန်းသတ်မှတ်ခဲ့ပြီးနောက်ပိုင်းတွင် ပြန်လည်ခိုင်မာလာခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြား ခဲ့သည်။

ဝန်ကြီးက အရည်အသွေးမပြည့်မီသော မျိုးစေ့များ၊ ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများရောင်းချမှုအပေါ် စိုးရိမ်ကြောင်းဖော်ပြခဲ့ပြီး၊ ယင်း သို့ထောက်ပံ့ရောင်းချသူများနှင့် ထုတ်လုပ်သူများကို အရေးယူနိုင်မည့် မူဝါဒမူဘောင်တစ်ရပ်ချမှတ်ရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။

ကြက်မွေးမြူရေးလုပ်ငန်းကိုယ်စားလှယ်များက ပြောင်းအစာဈေးနှုန်းမြင့်တက်လာမှုအပေါ် စိုးရိမ်ကြောင်းပြောကြားရာတွင်၊ Chouhan က "တောင်သူများကို ဈေးကောင်းရပါစေ၊ ကျွန်တော်တို့က ခင်ဗျားတို့ရဲ့ပြဿနာကို အခြားနည်းလမ်းနဲ့ဖြေရှင်းပေးပါ့မယ်။ ထုတ်လုပ်မှုကတော့ ဆက်လက်တိုးတက်ရမှာပါ"ဟုပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။ ထို့အပြင် Corteva Agriscience ၏ တောင်အာရှဆိုင်ရာဥက္ကဋ္ဌနှင့် FICCI ၏ စိုက်ပျိုးရေးကော်မတီပူးတွဲဥက္ကဋ္ဌဖြစ်သူ Subroto Geed က ပြောင်းသီးနှံ၏ ဝယ်လိုအားနှင့် ရောင်းလိုအားကွာဟချက်ကို ပေါင်းကူးပေးရန်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့်ဆန်းသစ်တီထွင်မှုများလိုအပ်ကြောင်း ပြောကြားခဲ့သည်။

Source:      The Hindu Businessline, India aims to double maize output to 86 mn tonne by 2047: Agri Minister, July 7, 2025

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News