International News

အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန(DGFT)က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်ပစ္စည်းအချို့ တင်သွင်းခြင်းအပေါ် ဆိပ်ကမ်းကန့်သတ်ချက်အသစ်များ ထုတ်ပြန်ကြေညာ

Last Updated:

အိန္ဒိယစီးပွားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန(DGFT)က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှရွေးချယ်ထားသော ကုန်ပစ္စည်းများတင်သွင်းခြင်းအပေါ် ဆိပ်ကမ်း ကန့်သတ်ချက်အသစ်များကို ယခုလ ၁၇ ရက်(စနေနေ့)တွင် ထုတ်ပြန် ကြေညာခဲ့ပြီး ချက်ချင်းအာဏာတည်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ကြေညာချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အသင့်ချုပ်ပြီး အဝတ်အထည်များတင်သွင်းခြင်းကို ယခုအခါ Nhava Sheva နှင့် Kolkata ပင်လယ်ဆိပ်ကမ်းများမှသာ ခွင့်ပြုမည်ဖြစ်ပြီး မည်သည့်ကုန်းတွင်းဆိပ်ကမ်းများမှ ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

ထို့အပြင် ပြုပြင်ပြီးစားသောက်ကုန်များ၊ သစ်သီးနှင့် သစ်သီးအရသာ သို့မဟုတ် ကာဗွန်ပါသော အချိုရည်များ၊ ဝါဂွမ်းနှင့်ဝါချည်စွန့်ပစ်ပစ္စည်းများ၊ ပလတ်စတစ်နှင့် PVC ဖြင့်ပြုလုပ်ထားသော ကုန်ချောပစ္စည်းများ (အရောင်ခြယ်ပစ္စည်းများ၊ ဆိုးဆေးများ၊ ပလတ်စတစ်ကုန်ကြမ်းများ (Plasticisers)နှင့် အစေ့အဆန်များကဲ့သို့သော ကုန်ကြမ်းများမပါဝင်) နှင့် သစ်သားပရိဘောဂများအပါအဝင် အခြားကုန်ပစ္စည်းအမျိုးအစားများကိုလည်း သတ်မှတ်ထားသော ဆိပ်ကမ်းကန့်သတ်ချက်များအောက်တွင် ထည့်သွင်းထားကြောင်း တွေ့ရှိရသည်။

အဆိုပါပစ္စည်းများကို အာသံ၊ မီဂါလာယာ(Meghalaya)၊ တြိပူရ (Tripura)၊မီဇိုရမ်(Mizoram)တို့တွင်တည်ရှိသော ကုန်းတွင်းအကောက် ခွန်စခန်းများ(LCSs) သို့မဟုတ် ပေါင်းစပ်စစ်ဆေးရေးဂိတ်များ(ICPs)မှတစ်ဆင့် တင်သွင်းခွင့်ပြုမည်မဟုတ်သည့်အပြင် အနောက်ဘင်္ဂလားပြည်နယ်ရှိ Changrabandha နှင့် Fulbari LCSs မှတစ်ဆင့်လည်း တင်သွင်းခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

သို့ရာတွင် DGFT က အဆိုပါ ဆိပ်ကမ်းကန့်သတ်ချက်များသည် နီပေါနှင့် ဘူတန်နိုင်ငံများသို့ သွားရောက်ရန် အိန္ဒိယနိုင်ငံကို ဖြတ်သန်းသွားလာသည့် ဘင်္ဂလားဒေ့ရှ်ကုန်ပစ္စည်းများနှင့် သက်ဆိုင်မည်မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါး၊ LPG၊ စားသုံးဆီနှင့် ကျောက်စရစ်ခဲများတင်သွင်းခြင်းကိုလည်း အဆိုပါကန့်သတ်ချက်များမှ ကင်းလွတ်ခွင့်ပြုထားဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်ပေါ်တိုးတက်မှုသည် လွန်ခဲ့သည့်လက အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်အပြီးတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၎င်း၏ကုန်ပစ္စည်းများကို တတိယနိုင်ငံများသို့တင်ပို့ရာတွင် အိန္ဒိယကုန်းတွင်းဆိပ်ကမ်းများကိုအသုံးပြု၍ ပင်လယ်ဆိပ်ကမ်းများနှင့် လေဆိပ်များသို့ သွားလာခွင့်ပြုထားသည့် ကုန်စည်ဖြတ်သန်းခွင့်(transship ment  facility)ကိုရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယအဝတ်အထည်ကဏ္ဍက ယခင်ကရှိခဲ့သော ကုန်သွယ်မှုမညီမျှမှုများကို ကိုးကား၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးအပ်ထားသည့် ထိုသို့သောဖြတ်သန်းခွင့်များကို ရုပ်သိမ်းရန် အစိုးရအား တိုက်တွန်းတောင်းဆိုခဲ့ကြောင်း တွေ့ရှိရသည်။

အဆိုပါဆုံးဖြတ်ချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးအကဲအကြံပေး မူဟာမက်ယူနွတ်စ် (Muhammad Yunus) က အိန္ဒိယ၏ အရှေ့မြောက်ပိုင်းပြည်နယ်များနှင့်ပတ်သက်၍ မကြာသေးမီက ပြောကြားခဲ့သော မှတ်ချက်များ၏ အကျိုးဆက်ဖြစ်သည်ဟုဆိုကြောင်း သိရသည်။

ယူနွတ်စ်က တရုတ်နိုင်ငံတွင်ပြုလုပ်ခဲ့သော အစီအစဉ်တစ်ခု၌ အိန္ဒိယနိုင်ငံ၏အရှေ့ဘက်ခြမ်းတွင် ကုန်းတွင်းပိတ်ပြည်နယ် ၇ ခုရှိပြီး ၎င်းတို့ကို ညီအစ်မ ၇ ပြည်နယ်ဟုသိကြကြောင်းနှင့်"သူတို့ပင်လယ်ကို ရောက်ဖို့နည်းလမ်းမရှိဘူး။ကျွန်တော်တို့က ပင်လယ်(ဘင်္ဂလားပင်လယ်အော်) ရဲ့ အစောင့်အရှောက်တွေပါ။" ဟု ပြောကြားခဲ့သည်ဟုဆိုသည်။ ၎င်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ၎င်းမှတစ်ဆင့် ကမ္ဘာတစ်ဝန်းသို့ ကုန် ပစ္စည်းများ ပေးပို့ရန်လည်း ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

Source: The Economic Times, India restricts port imports of garments, processed food and other select items from Bangladesh, May 18, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News