International News

ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်ကာလအတွင်း ကုမ္ပဏီအသစ်ပေါင်း ၃၅,၀၀၀ ကျော်ကို အဖွဲ့ဝင်အဖြစ်လက်ခံကြိုဆိုခဲ့

Last Updated:

Dubai Chambers အာဏာပိုင်အဖွဲ့အစည်း၏ လက်အောက်တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း အသင်းဝင်ကုမ္ပဏီအသစ်ပေါင်း ၃၅,၅၃၂ တို့ကို လက်ခံကြိုဆိုခဲ့ပြီးတစ်နှစ်ထက်တစ်နှစ် ၄ % တိုးတက်လာခဲ့ကာ ခိုင်မာသောတိုးတက်မှုအပေါ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

၎င်းတိုးတက်မှုရလဒ်များမှာ ဒူဘိုင်းစီးပွားရေးအစီအစဉ်(D33)၏ပန်းတိုင်များကို မြှင့်တင်ရာတွင် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံသူများအား ဒူဘိုင်း၏ဆက်လက်ဆွဲဆောင်နိုင်မှုကို အလေးပေးဖော်ပြထားခြင်းဖြစ်ပါသည်။

အဆိုပါနှစ်ဝက်ကာလအတွင်း အသင်းဝင်များ၏ ပို့ကုန်နှင့် ပြန်လည်-တင်ပို့မှုတန်ဖိုးမှာ AED ၁၇၁.၉ ဘီလီယံသို့ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်ကာလကထက် ၁၈ % တိုးတက်လာခဲ့ပါသည်။ အသင်းမှ မူရင်းဒေသသက်သေခံလက်မှတ်ပေါင်း ၄၀၉,၀၈၃ ကိုထုတ်ပေးနိုင်ခဲ့ပြီး ၁၀ % မြင့်တက်လာခဲ့ကာ ကုန် ပစ္စည်းများအတွက် နိုင်ငံတကာအကောက်ခွန်စာရွက်စာတမ်း ATA Carnets ပေါင်း ၂၉၆၁ ခု၊ တန်ဖိုးအားဖြင့် AED ၁.၉၄ ဘီလီယံကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

Dubai Chambers အာဏာပိုင်အဖွဲ့အစည်း၏ဥက္ကဋ္ဌဖြစ်သူ H.E. Eng. Sultan bin Saeed Al Mansoori က အဆိုပါရလဒ်များသည် ဒူဘိုင်း၏ပေါင်းစပ်စီးပွားရေးဂေဟစနစ်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုထင်ဟပ်လျက်ရှိနေကြောင်းပြောကြားခဲ့ပြီး ၎င်းတို့မှ တိုးတက်မှုမြှင့်တင်ရန်၊ အခွင့်အလမ်းများဖန်တီးပေးပြီး ဦးစားပေးကဏ္ဍများပံ့ပိုးပေးသည့် စည်းမျဉ်း/စည်းကမ်းများနှင့်ဥပဒေပြုရေး ပတ်ဝန်းကျင်ပုံဖော်ဆောင်ရွက်သွားရန်ကတိပြုကြောင်းနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများသည် D33 အစီအစဉ်အောင်မြင်စေရန်အတွက် အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

Dubai Chambers အာဏာပိုင်အဖွဲ့အစည်းအနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား နိုင်ငံတကာဈေးကွက်များသို့ ချဲ့ထွင်မှုရာတွင် အဓိကအခန်းကဏ္ဍမှ ပံပိုးပါဝင်ပေးခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စျေးကွက်အသစ်များဝင်ရောက်ရန်အတွက် ကုမ္ပဏီပေါင်း ၆၀ ကိုကူညီပံ့ပိုးပေးနိုင်ခဲ့ကာ မနှစ်ကထက် ၇၆ % တိုးတက်လာခဲ့ပါသည်။ ၎င်းတို့၏ 'New Horizons' ပဏာမလှုပ်ရှားမှုခြေလှမ်းအားဖြင့် ကုန်သွယ်မှုမစ်ရှင်နှစ်ခုအား အရှေ့တောင်အာရှနှင့်အာဖရိကဒေသများသို့ စေလွှတ်နိုင်ခဲ့ပြီး ထိုင်း၊ ဖိလစ်ပိုင်၊ အန်ဂိုလာနှင့် မိုဇမ်ဘစ်စသည့်နိုင်ငံများတွင် B2B အစည်းအဝေးပေါင်း ၁၀၇၆ ခုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဥပဒေပြုရေးပတ်ဝန်းကျင်ဆိုင်ရာအားကောင်းလာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်မှုများတွင် လွှတ်တော်မှဥပဒေ ၂၇ ခုတို့အပေါ် သက်ဆိုင်ရာစီးပွားရေးအုပ်စုများ(Business Groups)တို့နှင့် ပြန်လည်သုံးသပ်၍ ပုဂ္ဂလိကကဏ္ဍမှအကြံပြုချက်များအတွက် လက်ခံကျင့်သုံးနိုင်မှုနှုန်း ၆၀ % ရှိသည့် ဥပဒေမူကြမ်းများကို ရရှိနိုင်ခဲ့ပါသည်။ဘရာဇီး၊ စလိုဗက်ကီးယား၊ ပီရူး၊ အင်ဒိုနီးရှားနှင့်ဟန်ဂေရီနိုင်ငံတို့အား ကိုယ်စားပြုသည့် စီးပွားရေးကောင်စီအသစ် ၅ ခုတို့ကိုလည်း တည်ထောင်နိုင်ခဲ့ပြီး သက်ဆိုင်ရာစီးပွားရေးအဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးမှုပေါင်း ၉၈ကြိမ်ပြုလုပ်နိုင်ခဲ့ရာ ယခင်နှစ်ကထက် နှစ်ဆပိုမိုတိုးတက်လာခဲ့ပါသည်။

ဥပဒေရေးရာနှင့် အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာကြိုးပမ်းမှုတွင် ပါဝင်တက်ရောက်ကြသူ ၁၄၀၀ ကျော်တို့အတွက် ဥပဒေဆိုင်ရာအသိပညာပေးပွဲပေါင်း ၁၉ ခုကိုကျင်းပပေးနိုင်ခဲ့ပြီး AED ၂၁၃.၅ သန်းတန်ဖိုးရှိ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ ကိစ္စပေါင်း ၉၄ ခုတို့ကို ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ကာ တစ်နှစ်ထက်တစ်နှစ် ၁၉ % တိုးတက်လာခဲ့ပါသည်။

မိသားစုစီးပွားရေးလုပ်ငန်းများအတွက် ဒူဘိုင်းစင်တာမှ  စီးပွားရေးနှင့်ခရီးသွားလာရေးဌာနနှင့်ပူးပေါင်း၍ ပြည့်စုံသောလမ်းညွှန်စာအုပ်ကိုထုတ်ဝေပေးနိုင်ခဲ့ပြီး မိသားစုစီးပွားရေးလုပ်ငန်းများ၏ ရေရှည်တည်တံ့မှုအပေါ် ဆက်လက်ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ အုပ်ချုပ်မှုပိုင်းဆိုင်ရာ-အထူးပြုသည့် အခမ်းအနားများ၊ မျိုးဆက်သစ် ခေါင်းဆောင်များအတွက် AI prompt engineering သင်တန်းနှင့် မီဒီယာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ စသည်တို့ပါဝင်သည့် အစပျိုးဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းဖော်ပြထားပါသည်။

News Source:          Dubai Media Office

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News