အိန္ဒိယနိုင်ငံတွင် ပြောင်းစိုက်ပျိုးသူတောင်သူများ ပိုမိုများပြားလာသည် နှင့်အမျှ ယခုလတတိယပတ်အထိ တစ်နိုင်ငံလုံးတွင် ၎င်းသီးနှံစိုက်ပျိုးမှု ၁၅ ရာခိုင်နှုန်းတိုးလာကြောင်း၊အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ ယခုလ ၂၁ ရက်နေ့အထိအချက်အလက်များအရ ယမန်နှစ် အလားတူကာလက ဟက်တာ ၆၁ ဒသမ ၇၃ သိန်းစိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် ပြောင်းကို ဟက်တာ ၇၁ ဒသမ ၂၁သိန်းနီးပါးတိုး၍စိုက်ပျိုးထားကြောင်းသိရသည်။
ပြောင်းစိုက်ဧကတိုးတက်လာမှုကို ပြည်နယ်အားလုံးနီးပါးတွင် တွေ့မြင်ခဲ့ရမည်ဖြစ်ကြောင်း၊ခါရစ်(မိုး)ရာသီအတွင်း ပြောင်းအများဆုံးထုတ်လုပ် သည့် Karnataka ပြည်နယ်တွင် ပြောင်းစိုက်ပျိုးမှုသည် ယခုလ ၁၈ ရက်နေ့အထိ ဟက်တာ ၁၅ ဒသမ ၂၃ သိန်း(ယခင်နှစ်က ဟက်တာ ၁၃ ဒသမ ၈၇ သိန်း)အထိတိုးလာခဲ့ကြောင်း သိရသည်။ အလားတူပင် Rajasthan ပြည်နယ်တွင်လည်း ပြောင်းစိုက်ဧကသည် ယခုလ ၂၁ ရက်နေ့အထိ ဟက်တာ ၉ ဒသမ ၃၄ သိန်းအထိတိုးလာခဲ့ပြီး ယခင်နှစ် အလားတူကာလက ဟက်တာ ၉ ဒသမ ၀၁ သိန်းသာရှိခဲ့ကြောင်း သိရသည်။
Telangana ပြည်နယ်တွင် ပြောင်းစိုက်ဧကသည် ယခုလ ၁၆ ရက်နေ့အထိ ဟက်တာ ၄ ဒသမ ၄၉ သိန်း(ယခင်နှစ်က ဟက်တာ ၂ ဒသမ ၈၉ သိန်း)ရှိခဲ့ပြီး Maharashtra ပြည်နယ်တွင်မူ ယခုလ ၁၄ ရက်နေ့အထိ ဟက်တာ ၁၂ ဒသမ ၃၅ သိန်း(ယခင်နှစ်က ဟက်တာ ၉ ဒသမ ၇၅ သိန်း)ရှိခဲ့ကြောင်းသိရသည်။ သို့သော်လည်း Gujarat ပြည်နယ်တွင် ပြောင်းစိုက်ဧကသည် ယခုလ ၂၁ ရက်နေ့အထိ ဟက်တာ ၂ ဒသမ ၁၉ သိန်းသာရှိခဲ့ရာ ယခင်နှစ်က ဟက်တာ ၂ ဒသမ ၇၄ သိန်းနှင့်နှိုင်းယှဉ်ပါက လျော့နည်းခဲ့ကြောင်း၊ တောင်သူများက မြေပဲကို ပိုမိုစိုက်ပျိုးနေကြကြောင်းသိရသည်။
iGrain India မှ Rahul Chauhan က တိရစ္ဆာန်အစာနှင့် ဇီဝအီသနောထုတ်လုပ်သူများထံမှ ပြောင်းသီးနှံဝယ်လိုအား ကောင်းမွန်နေခြင်းကြောင့် တောင်သူများက ပြောင်းစိုက်ဧကကို တိုးချဲ့နေကြကြောင်းပြောကြားခဲ့သည်။ လွန်ခဲ့သည့်နှစ်နှစ်အတွင်း တောင်သူများသည် ပဲပုပ်နှင့် ပဲမျိုးစုံကဲ့သို့သော အခြားသီးနှံများထက် ပြောင်းသီးနှံက ဈေးကောင်းရခဲ့ကြပြီး ရလဒ်အနေဖြင့် ၎င်းတို့သည် ပြောင်းသီးနှံကို ပိုမိုစိုက်ပျိုးရန် နှစ်သက်လာကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
Karnataka, Rajasthan, Maharashtra, Telangana ပြည်နယ်များနှင့် နိုင်ငံအနောက်ပိုင်း Uttar Pradesh ပြည်နယ်၏ ဒေသအချို့အပါအဝင် ပြည်နယ်အားလုံးနီးပါးတွင် ပြောင်းစိုက်ဧကတိုးတက်လာသည်ကို တွေ့မြင်ရကြောင်း၊ တောင်သူအချို့သည် ပဲပုပ်၊ ပဲစင်းငုံနှင့် ဝါဂွမ်းကဲ့သို့သော သီးနှံများမှ ပြောင်းသို့ပြောင်းလဲစိုက်ပျိုးနေကြသည်ဟုဆိုသည်။ စိုက်ပျိုး မှုအခြေအနေအရ ယခုခါရစ်စိုက်ပျိုးရာသီတွင် ပြောင်းစိုက်ဧက စံချိန်တင်မြင့်မားလာမည်ဟု Chauhan က ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ခါရစ်ရာသီအတွင်း ပြောင်းစိုက်ဧကသည် ဟက်တာ ၈၄ ဒသမ ၃၀ သိန်းအထိစံချိန်တင်တိုးတက်ခဲ့ကြောင်းသိရသည်။ ရာဘီ (ဆောင်း)ရာသီစိုက်ဧက ဟက်တာ ၂၇ ဒသမ ၂၄ သိန်းနှင့် နွေရာသီစိုက်ဧက ဟက်တာ ၈ ဒသမ ၄ သိန်းတို့ပါဝင်ပါက စုစုပေါင်းပြောင်းစိုက်ဧကသည် ဟက်တာ ၁၂၀ ဒသမ ၁၇ သိန်းရှိခဲ့ကြောင်းသိရသည်။ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ပြောင်းထုတ်လုပ်မှုသည် တန်ချိန် ၄၂ ဒသမ ၂၈ သန်းအထိတိုးလာခဲ့ပြီး ယခင်နှစ်က တန်ချိန် ၃၇ ဒသမ ၆၆ သန်းသာရှိခဲ့ကြောင်း တွေ့ရှိရသည်။
"စိုက်ဧကတိုးလာလို့ ပြောင်းထုတ်လုပ်မှု တိုးတက်လာတာကို ၈ ရာခိုင် နှုန်းမှ ၁၀ ရာခိုင်နှုန်းတိုးတက်နေတဲ့ မွေးမြူရေးကဏ္ဍရဲ့ ဝယ်လိုအားက ဖုံးလွှမ်းသွားပါလိမ့်မယ်" ဟု CLFMA of India ဥက္ကဋ္ဌ Divya Kumar Gulati က ပြောကြားခဲ့သည်။ ၎င်းက ပြောင်းအတွက် တိရစ္ဆာန်အစာနှင့် ပြောင်းကော်မှုန့် ကဏ္ဍတို့မှသာမက ဇီဝအီသနောထုတ်လုပ်သူများထံမှပါ ဝယ်လိုအားတိုးတက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ပြောင်းအသားတင်တင်သွင်းသည့်နိုင်ငံအဖြစ် ရပ် တည်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ပြောင်းထုတ်လုပ်မှုသည် လွန်ခဲ့သော ၁၀ နှစ်အတွင်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၂၅ ဒသမ ၆၇ သိန်းခန့်မှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၄၂၂ ဒသမ ၈၁ သိန်းအထိ စံချိန်တင်နှစ်ဆနီးပါးတိုးတက်လာခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့စံချိန်တင်ထုတ်လုပ်နိုင်ခဲ့သော်လည်း တိရစ္ဆာန်အစာ၊ ဇီဝအီသနောနှင့်ပြောင်းကော်မှုန့်ကဲ့သို့သောကဏ္ဍများမှ ပြည်တွင်းဝယ်လို အားသည် ထောက်ပံ့နိုင်မှုထက် ကျော်လွန်နေခြင်းကြောင့် အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြောင်းအသားတင်တင်သွင်းသည့်နိုင်ငံအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ ပြောင်းတင်သွင်းမှုသည် ယခင်နှစ်က တန်ချိန် ၁ ဒသမ ၃၇ သိန်းသာရှိခဲ့ရာမှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၉ ဒသမ ၇ သိန်းအထိရောက်ရှိခဲ့ရာ ခြောက်ဆတိုးတက်လာခဲ့ကြောင်း တွေ့ရှိရသည်။
Source: The Hindu Businessline, Maize acreage up 15% till July 21, seen heading for a new high as farmers expand area, July 22, 2025
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)