International News

အိန္ဒိယနိုင်ငံတွင် ယခုနှစ် မုတ်သုံမိုးစောစီးစွာရွာသွန်းမှုကြောင့် မိုးရာသီပဲတီစိမ်းစိုက်ဧက ၁၁ ရာခိုင်နှုန်းကျော်တိုးတက်လာ

Last Updated:

အိန္ဒိယနိုင်ငံတွင် ယခုနှစ် မုတ်သုံမိုးစောစီးစွာရွာသွန်းမှုကြောင့် Rajasthan၊ Karnataka နှင့် Maharashtra ပြည်နယ်များအပါအဝင် ပဲတီစိမ်းအဓိကထုတ်လုပ်သည့် ပြည်နယ်များတွင် မျိုးစေ့ချခြင်းကို အထောက်အကူပြုခဲ့ရာ ယခုလ ၂၁ ရက်နေ့အထိ ပဲတီစိမ်းစိုက်ဧက ၁၁ ရာခိုင်နှုန်းကျော်တိုးတက်လာပြီး ဟက်တာ ၂၇ ဒသမ ၃၁ သိန်းအထိရောက်ရှိခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂၃ ရက်နေ့က ဖော်ပြသည်။

အစိုးရ၏ကြမ်းခင်းဈေး(Minimum support price-MSP)တိုးမြှင့်ပေးမှုနှင့် ယခင်စိုက်ပျိုးရာသီများတွင် အစိုးရ၏ဝယ်ယူမှုများကြောင့် တောင် သူများသည် ပဲတီစိမ်းစိုက်ဧကကို တိုးချဲ့လျက်ရှိကြောင်းတွေ့ရှိရသည်။ ပဲတီစိမ်းစိုက်ဧကသည် ပဲစင်းငုံနှင့် မတ်ပဲကဲ့သို့သော အခြားအဓိက ကာရစ်(မိုးရာသီ) ပဲမျိုးရင်းဝင်များထက် ပိုမိုများပြားကြောင်း သိရသည်။ အစိုးရသည် ၂၀၂၅-၂၆ ရာသီအတွက် ပဲတီစိမ်း၏ MSP ကို ယခင်နှစ်က ရူပီး ၈,၆၈၂ မှ ၁ ရာခိုင်နှုန်းတိုးမြှင့်၍ ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၈,၇၆၈ အထိ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။

ပဲစိုက်ဧရိယာတိုးချဲ့မှုတွင် Rajasthan ပြည်နယ်သည် အခြားပြည်နယ်များထက် ဦးဆောင်နေကြောင်းတွေ့ရှိရသည်။ ယခုလ ၂၃ ရက်နေ့အထိ Rajasthan ရှိ ပဲတီစိမ်းစိုက်ဧက ၁၆ ရာခိုင်နှုန်းတိုးလာပြီး ဟက်တာ ၂၂ ဒသမ ၁၉ သိန်းအထိရှိကြောင်း သိရသည်။ ယခုလ ၁၈ ရက်နေ့အထိ Karnataka ပြည်နယ်ရှိ ပဲတီစိမ်းစိုက်ဧကသည် ဟက်တာ ၄ ဒသမ ၁ သိန်းတွင် ပြောင်းလဲမှုမရှိဘဲတည်ငြိမ်နေသော်လည်း Gujarat ပြည်နယ်တွင် ၃၂,၉၉၀ ဟက်တာ(ယခင်နှစ်က ၂၇,၄၀၈ ဟက်တာ)အထိတိုးတက်ခဲ့ကြောင်း တွေ့ရှိရသည်။ Telangana ပြည်နယ်တွင် ပဲတီစိမ်းစိုက်ဧကသည် ယခုလ ၂၃ ရက်နေ့အထိ ၄၉,၈၁၅ ဟက်တာ(ယခင်နှစ်က ၅၇,၈၅၃ ဟက်တာ)ဖြင့် လျော့နည်းခဲ့ကြောင်းသိရသည်။ Maharashtra ပြည်နယ်တွင် ပဲတီစိမ်းကို ဟက်တာ ၂ ဒသမ ၀၂ သိန်းခန့်စိုက်ပျိုးထားကြောင်း သိရသည်။

"ဒီနှစ် ပဲတီစိမ်းစိုက်ပျိုးမှုက ပဲစင်းငုံ ဒါမှမဟုတ် မတ်ပဲထက် အများကြီးပိုကောင်းပါတယ်။ MSP မြင့်မားခြင်း၊ မုတ်သုန်ရာသီစောစီးစွာရောက်ရှိခြင်းနဲ့ ပဲတီစိမ်းက ရက် ၆၀ ကနေ ၈၀ လောက်ပဲကြာတဲ့ သီးနှံဖြစ်ခြင်း စတဲ့အချက်တွေက တောင်သူတွေကို စိတ်ဝင်စားမှုမြင့်တက်စေခဲ့ပါတယ်" ဟု အိန္ဒိယပဲမျိုးစုံနှင့် သီးနှံအသင်း(India Pulses and Grains Association-IPGA) ၏အတွင်းရေးမှူး Satish Upadhyay က ပြောကြားခဲ့သည်။

"Rajasthan ပြည်နယ်မှာ ပဲတီစိမ်းစိုက်ပျိုးမှုက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ တစ်ခုပဲ စိုးရိမ်တာက အချို့ဒေသတွေမှာ မိုးတွေအရမ်းများနေတာပါပဲ။ Maharashtra နဲ့ Karnataka ပြည်နယ် တွေမှာလည်း မိုးရွာနေတာက စိုးရိမ်စရာပါပဲ" ဟု Upadhyay က ပြောကြားခဲ့သည်။

Ahmedabad မြို့မှ ကြိတ်ခွဲထုတ်လုပ်သူ Punit Bachhawat က Rajasthan ပြည်နယ်တွင် စိုက်ပျိုးမှုကောင်းမွန်ကြောင်းပြောကြားခဲ့သည်။ "သီးနှံက ကောင်းပါတယ်။မိုးရပ်သွားရင် အထွက်နှုန်းက ၂၀ ရာခိုင်နှုန်းပိုများလာပါလိမ့်မယ်" ဟု Bachhawat က ပြောကြားခဲ့သည်။

iGrain India မှ Rahul Chauhan က MSP တိုးမြှင့်ခြင်းအပြင် မိုးစောစီးစွာရွာသွန်းခြင်းနှင့် ပြီးခဲ့သည့်နှစ်က အစိုးရ၏ဝယ်ယူမှုတို့သည် ယခုနှစ် ပဲတီစိမ်းစိုက်ဧကတိုးတက်မှုကို အထောက်အကူပြုနေကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ပဲတီစိမ်းထုတ်လုပ်မှုသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃၈ ဒသမ ၁၉ သိန်းအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း အစိုးရ၏ တတိယအကြိမ်ကြိုတင်ခန့်မှန်းချက်များအရ သိရသည်။ ယခင်နှစ်က တန်ချိန် ၃၁ ဒသမ ၀၃ သိန်းသာရှိခဲ့ကြောင်းတွေ့ရှိရသည်။ အဆိုပါတိုးတက်မှုသည် အဓိကအားဖြင့် နွေရာသီထုတ်လုပ်မှုတန်ချိန် ၁၉ ဒသမ ၇၄ သိန်းအထိမြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။ ခါရစ်(မိုးရာသီ)ပဲတီစိမ်းထုတ်လုပ်မှုသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၇ ဒသမ ၄၇ သိန်းရှိခဲ့ကြောင်းသိရသည်။ ပဲတီစိမ်းကို အိန္ဒိယနိုင်ငံတစ်ဝှမ်း စိုက်ပျိုးရာသီသုံးခုစလုံးတွင် စိုက်ပျိုးကြောင်း သိရသည်။

Source: The Hindu Businessline, Early rains, hike in MSP boost kharif moong acreage, July 23, 2025

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News