International News

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် ၆ လ အတွင်း နှစ်စဉ်ပို့ကုန်မျှော်မှန်းချက်ကို ကျော်လွန်ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ကော်ဖီလုပ်ငန်းသည် ၂၀၂၅ ခုနှစ် တစ်နှစ်တာပို့ကုန်တင်ပို့မှုမျှော်မှန်းချက်အား ယခုနှစ်ပထမနှစ်ဝက်အတွင်းရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံရရှိခဲ့ကြောင်း haiquanonline အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏အဆိုအရ ဗီယက်နမ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ကော်ဖီတန်ချိန် ၉၅၄, ၀၀၀ ခန့်တင်ပို့ခဲ့ကြောင်း၊ ပမာဏအားဖြင့် ၅.၃ ရာခိုင်နှုန်းတိုးလာပြီး ယခင်နှစ် အလားတူကာလထက် ပို့ကုန်တန်ဖိုး ၆၇.၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။

ဗီယက်နမ်ကော်ဖီတင်ပို့မှုလျင်မြန်စွာတိုးတက်လာရခြင်း၏ အဓိကအကြောင်းရင်းမှာ ကမ္ဘာ့ကော်ဖီဈေးနှုန်းများမြင့်တက်မှုလာခြင်းကြောင့်ဖြစ်ကြောင်း၊ ပျမ်းမျှပို့ကုန်ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၀၈ တန်တက်သွားပြီး ယခင်နှစ်ထက် ၆၀ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ကြောင်း၊ ထိုကဲ့သို့မြင့်တက်လာမှုကြောင့် လယ်ယာစိုက်ပျိုး ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်အတွက် ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုစုစုပေါင်းဝင်ငွေသည် အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံအထိရှိနိုင်ပြီး နိုင်ငံအတွက် စံချိန်တင်အမြင့်ဆုံးဖြစ်လာနိုင်ဖွယ်ရှိကြောင်း ဝန်ကြီးဌာနမှ ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံသည် ရိုဘတ်စတာကော်ဖီကို ကမ္ဘာ့ထိပ်တန်းတင်ပို့ရောင်းချသည့်နိုင်ငံဖြစ်ပြီး နိုင်ငံတကာဈေးကွက်များအတွင်း ဥရောပသမဂ္ဂမှ ဝယ်လိုအားမြင့်မားမှုသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ဗီယက် နမ်တင်ပို့မှုစွမ်းဆောင်ရည်ကို သိသိသာသာအထောက်အကူဖြစ်စေခဲ့ကြောင်းဖော်ပြထားပါသည်။ အထူးသဖြင့် ဂျာမနီသို့ ဗီယက်နမ်ကော်ဖီတင်ပို့မှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂ ဆကျော်တိုးလာပြီး အီတလီနှင့်စပိန်သို့တင်ပို့မှုသည် ၄၅ ရာခိုင်နှုန်းနှင့် ၅၆ ရာခိုင်နှုန်းအသီးသီး တိုးတက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှုစည်းမျဉ်းအသစ်(EU Defore station Regulation EUDR) အရ ဗီယက်နမ်ကော်ဖီကို အန္တရာယ်နည်းသောဇာစ်မြစ်အဖြစ် ဆုံးဖြတ်ချက်သည် ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုခိုင်မာစေခဲ့သည်။ အဆိုပါသတ်မှတ်ချက်သည် ဗီယက်နမ်ကော်ဖီတင်သွင်းမှုတွင် အကောက်ခွန်ရှင်းလင်းမှုကို လွယ်ကူချောမွေ့စေပြီး ရလဒ်အနေဖြင့် ဗီယက်နမ်ကော်ဖီသည် ဥရောပဈေးကွက်တွင် ပိုမိုဆွဲဆောင်မှုဖြစ်လာစေကြောင်း သိရှိရပါသည်။

ကော်ဖီတင်ပို့မှုတွင် ဗီယက်နမ်နိုင်ငံ၏အောင်မြင်မှုသည် ခိုင်မာသော ဈေးကွက်ဝယ်လိုအား၊ ဗီယက်နမ်၏တည်ငြိမ်သောကော်ဖီထောက်ပံ့မှု၊ ကော်ဖီ၏ဇာစ်မြစ်နှင့် အရည်အသွေးဆိုင်ရာ ခြေရာခံနိုင်မှုစနစ်များ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြကြောင်း ရေးသားဖော်ပြထားပါသည်။

အဆိုပါအားသာချက်များဖြင့် ဗီယက်နမ်နိုင်ငံ၏ ကော်ဖီလုပ်ငန်းသည် ကျန်နှစ်ဝက်တွင်လည်း ခိုင်မာသော ပို့ကုန်တိုးတက်မှုဆက်လက်ထိန်း သိမ်းရန် အဆင်သင့်ဖြစ်နေကြောင်း ဖော်ပြထားပါသည်။ ဗီယက်နမ်နိုင်ငံသည် ရိုဘက်စတာကော်ဖီတင်ပို့မှုတွင် ထိပ်တန်းတင်ပို့သူအဖြစ် ရပ်တည်လျက်ရှိပြီး ကမ္ဘာ့လယ်ယာထွက်ကုန်ကုန်သွယ်မှုအခင်းအကျင်း တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source: https://haiquanonline.com.vn/ca-phe-viet-nua-nam-chinh-phuc-tron-ke-hoach-197387.html

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News