ထိုင်းနိုင်ငံအစိုးရ၏အစီအမံများသည် ကုန်သွယ်ရေးလုပ်ထုံးလုပ်နည်းများအား ရှောင်တိမ်းနေမှုကို ပိတ်ဆို့၍ အမေရိကန်နှင့်ကုန်သွယ်မှုမမျှတနေမှု တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ လျှော့ချပေးစေနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရှိရပါသည်။
ကုန်သွယ်မှုမမျှတမှုကို ဖြေရှင်းရန်နှင့် ကာလရှည်အပြန်အလှန်အကျိုးရှိခဲ့သော မိတ်ဖက်ဆက်ဆံရေးကိုတိုးမြှင့်ရန် ထိုင်းအစိုးရသည် အမေရိကန်သို့ မူဘောင်အဆိုပြုလွှာပေးပို့ထားပါကြောင်း၊ ထိုင်းနိုင်ငံသည် ကဏ္ဍများစွာတွင် အခွင့်အလမ်းများပိုမိုဖန်တီးလိုပြီး စွမ်းအင်ကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အမေရိကန်နှင့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်လိုကြောင်း၊ ထိုင်းနိုင်ငံတွင် ထိုင်းပင်လယ်ကွေ့၌ ဆိုင်းငံ့ထားသောဧရိယာများရှိပြီး အက်ဒမန်ဖက်ခြမ်းတွင်လည်း မမျှော်လင့်ထားသော ဧရိယာများရှိကြောင်း၊ အမေရိကန်နည်းပညာများဖြင့်ဆိုပါက ယင်းဧရိယာများသည် အလားအလာရှိသဖြင့် အခွင့်အလမ်းများသည် မကြာမီရောက်ရှိလာတော့မည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍအနေဖြင့်လည်း ဒီဂျစ်တယ်နည်းပညာ၊ အခြေခံအဆောက်အဦ၊ စိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်ခြင်း၊ ကျန်းမာရေးခရီးသွားနှင့် တီထွင်ဆန်းသစ်သော စက်မှုလုပ်ငန်းများကဲ့သို့သော အလားအလာရှိသည့် ကဏ္ဍများကို ဆောင်ရွက်ရန်တိုက်တွန်းလိုကြောင်း ဘဏ္ဍာ ရေးဝန်ကြီး H.E Mr. Pichai Chunhavajira က ထိုင်း-အမေရိကန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် ထိုင်းတို့အကြား မိတ်ဖက်ဆက်ဆံရေးသည် မဟာဗျူဟာကျပြီး ကုန်သွယ်ရေးသည်လည်း ကြံ့ခိုင်နေသဖြင့် ဆက်လက်တိုးတက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံရှိခဲ့သဖြင့် မမျှတမှုသည် အမေရိကန်အတွက် ရေရှည်မသွားနိုင်ပါကြောင်း၊ ကုန်စည်များအတွက် ဈေးကွက်ဝင်နိုင်မှုကိုမြှင့်တင်ပြီး အခွန်မဟုတ်သောအတားအဆီးများကို အဆုံးသတ်ခြင်းဖြင့် အမေရိကန်သည် ကုန်သွယ်မှုကို လွတ်လပ်သင့်တင့်ပြီး မျှတလိုကြောင်း၊ ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုကို စောင့်မျှော်နေပါကြောင်း၊ စက်သုံးဆီနှင့် စွမ်းအင်ကဏ္ဍသည် ထိုင်းနိုင်ငံကို သန့်ရှင်းသောစွမ်းအင်ထောက်ပံ့လိုသဖြင့် အမေရိကန်အနေဖြင့် အလား အလာရှိသောကဏ္ဍအဖြစ် ရှုမြင်ပါကြောင်း၊ အမေရိကန်သည် ထိုင်းနိုင်ငံ၏ အစား အစာထုတ်လုပ်ခြင်းနှင့် အစာစက်မှုလုပ်ငန်းများအတွက် ကောင်းမွန်သော စိုက်ပျိုး ရေးဆိုင်ရာပါဝင်ပစ္စည်းများကို ထောက်ပံ့ပေးနိုင်ကြောင်း အမေရိကန်သံအမတ်ကြီး H.E Mr. Robert Godec က ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်၏အပြန်အလှန်အခွန်နှင့် လက်ရှိညှိနှိုင်းလျက်ရှိသော ထိုင်း-ဥရောပသမဂ္ဂလွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်သည် ထိုင်းနိုင်ငံ၌ ပြုပြင်ပြောင်းလဲအတွက် အခွင့်အလမ်းကောင်းများပေးမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ကဏ္ဍများစွာ၌ ထုတ်လုပ်မှုကိုမြှင့်တင်ရန် ကုန်ကြမ်းများကို ကမ္ဘာအနှံ့မှ ဝယ်ယူတင်သွင်းလျက်ရှိရာ ပြောင်း၊ ပဲပုပ်နှင့် တူနာကဲ့သို့သော မရှိမဖြစ်ကုန်ကြမ်းများကို ထုတ်ပေးနိုင်သည့် အမေရိကန်၏အလားအလာကို ထောက်ပြလိုကြောင်း၊ အမေရိကန်အခွန်အသစ်သည် ပြောင်းလဲမှုအတွက် အကူပစ္စည်းဖြစ်ပါကြောင်း၊ ကုန်ကြမ်းများကို တင်သွင်းရန် ခွဲတမ်းစနစ်နှင့် အခြားသော အတားအဆီးများကို အဆုံးသတ်ခြင်းဖြင့် ထိုင်းနိုင်ငံသည် ကြက်၊ တိရစ္ဆာန်အစာ၊ ပင်လယ်စာနှင့် မွေးမြူရေးတို့တွင် ထုတ်လုပ်မှုစွမ်းရည်ကို သိသိသာသာတိုးမြှင့်နိုင်မည်ဖြစ်ကြောင်း၊ အစားအစာ ထုတ်လုပ်သည့် စက်မှုကဏ္ဍတွင် ဉာဏ်ရည်တုနည်းပညာများလိုအပ်နေသေးကြောင်း ထိုင်းတိရစ္ဆန်အစာအသင်းဥက္ကဋ္ဌ Mr. Chanintr Chalisarapong က သုံးသပ်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)