ယူအေအီးနိုင်ငံဗဟိုဘဏ်(CBUAE)သည် တရုတ်နိုင်ငံ၏ နယ်စပ်-ဖြတ်ကျော်ငွေပေးချေမှုစနစ်(CIPS)နှင့်နှစ်နိုင်ငံအကြား ငွေကြေးလွှဲပြောင်းမှုများ၏ထိရောက်မှုကိုမြှင့်တင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
CBUAE ရှိဘဏ်လုပ်ငန်းလည်ပတ်မှုနှင့် ပံ့ပိုးမှုဝန်ဆောင်မှုများ၏ လက်ထောက်အုပ်ချုပ်ရေးမှူး Saif Al Dhaheri နှင့် CIPS ၏ဒုတိယဥက္ကဌ Xiangyang Wu တို့လက်မှတ်ရေးထိုးထားသော အဆိုပါသဘောတူညီချက်တွင် ငွေပေးချေမှုဆိုင်ရာလုပ်ငန်းစဉ်များကိုချောမွေ့စေရန်၊ ငွေပေးငွေယူကုန်ကျစရိတ်များကိုလျှော့ချရန်နှင့် ငွေကြေးဆိုင်ရာဆန်းသစ်တီထွင်မှုကိုမြှင့်တင်ရန် ရည်ရွယ်ထားကာ လက်မှတ်ရေးထိုးပွဲသို့ နှစ်ဖက်နိုင်ငံမှအကြီးတန်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
နားလည်မှုစာချွန်လွှာအရ ယူအေအီးနို်ငငံနှင့်တရုတ်နိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများပိုမိုချောမွေ့လုံခြုံစေရန်အတွက် ပဏာမခြေလှမ်းများကိုဖော်ဆောင်ရာတွင် အတူတကွပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။ ပူးပေါင်းအကောင်အထည်ဖော်မှုများတွင် ငွေပေးချေမှုစနစ်၏ တည်ငြိမ်မှုနှင့်ခံနိုင်ရည်အား အားကောင်းစေရန်အတွက် စွန့်စားစီမံခန့်ခွဲမှု၊ လိုက်နာမှုစံချိန်/စံနှုန်းများ နှင့်အသိပညာမျှဝေခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းတို့လည်း ပါဝင်ပါသည်။
၎င်းသဘောတူညီချက်တွင် ဘဏ္ဍာရေးနှင့်ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေးကိုပိုမိုနက်ရှိုင်းစေရန်၊ ဆန်းသစ်တီထွင်မှုကိုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံစလုံး၏ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များနှင့် ကိုက်ညီစေရန်အတွက် ပိုမိုကျယ်ပြန့်သောကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးထားကြောင်း Al Dhaheri မှ ပြောကြာခဲ့ပါသည်။ Wu က စီးပွားရေးနှင့်ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုကိုချဲ့ထွင်ရန်နှင့် ပိုမိုထိရောက်သော လွှဲပြောင်းမှုများအတွက် ဒစ်ဂျစ်တယ်နည်းပညာများကိုအသုံးချမည့် အလား အလာများကို မီးမောင်းထိုး ပြောကြားခဲ့ပါသည်။
အဆိုပါလက်မှတ်ရေးထိုးမှုသည် နှစ်နိုင်ငံစီးပွားဆက်ဆံရေးကို မြှင့်တင်ရာတွင် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ဘဏ္ဍာရေးချိတ်ဆက်မှု တိုးမြှင့်စေရေးနှင့် ရေရှည်တည်တံ့သော တိုးတက်မှုများအတွက် မျှဝေပေးသည့် ကတိကဝတ်ကိုထင်ဟပ်စေကြောင်း သတင်းဖော်ပြထားပါသည်။
Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)