International News

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနသည် နွေပဲတီစိမ်းနှင့် မတ်ပဲတို့ကို ပြည်နယ်နှစ်ခုမှ အနည်းဆုံးပံ့ပိုးဈေးနှုန်း(MSP)ဖြင့် ဝယ်ယူရန်အတည်ပြု

Last Updated:

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနသည် နွေပဲတီစိမ်းနှင့်မတ်ပဲတို့ကို Madhya Pradesh ပြည်နယ်မှလည်းကောင်း၊ မတ်ပဲကို Uttar Pradesh ပြည်နယ်မှလည်းကောင်း အနည်းဆုံးပံ့ပိုးဈေးနှုန်း(MSP)ဖြင့်ဝယ်ယူရန် အတည်ပြုခဲ့ကြောင်း The Hindu Businessline က ယခု ၂၄ ရက်တွင် ဖော်ပြသည်။

အိန္ဒိယဗဟိုအစိုးရ စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan သည် အဆိုပါပြည်နယ်နှစ်ခုမှ စိုက်ပျိုးရေးဝန်ကြီးများနှင့် အစည်းအဝေးကျင်းပခဲ့ပြီး ဈေးနှုန်းပံ့ပိုးမှုအစီအစဉ်(Price Support Scheme-PSS)အောက်တွင် အဆိုပါဝယ်ယူမှုကို အတည်ပြုခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

Chouhan သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ဝယ်ယူရေးဆိုင်ရာထောက်ပံ့ပို့ဆောင်မှုများကို လည်းဆွေးနွေးခဲ့ပြီး NAFED၊ အိန္ဒိယနိုင်ငံ အမျိုးသားသမဝါယမစားသုံးသူများအဖွဲ့ချုပ်(NCCF)နှင့် ပြည်နယ်အရာရှိများသို့ လိုအပ်သောညွှန်ကြား ချက်များကိုထုတ်ပြန်ခဲ့ကြောင်း သိရသည်။ NAFED နှင့် NCCF တို့သည် ပြည်ထောင်စုအစိုးရကိုယ်စားသီးနှံများကို ဝယ်ယူကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးအတွင်း Chouhan က ပဲတီစိမ်းနှင့်မတ်ပဲတို့ကိုဝယ်ယူရန် ဆုံးဖြတ်ချက်သည် ဗဟိုအစိုးရအပေါ် သိသာထင်ရှားသော ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်စေမည်ဖြစ်သော်လည်း ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ ဦးဆောင်မှုအောက်တွင် အစိုးရသည် တောင်သူလယ်သမားများရည်ရွယ်ထားသော အကျိုးကျေးဇူးများကိုရရှိစေရန် ကတိပြုထားကြောင်းပြောကြားခဲ့သည်။ ၎င်းက ဝယ်ယူရေးလုပ်ငန်းစဉ်ကို စနစ်တကျဆောင်ရွက်ရန်အရေးကြီးကြောင်းအလေးထားပြောကြားခဲ့သည်။တောင်သူလယ်သမားများထံမှ တိုက်ရိုက်ဝယ်ယူခြင်းဖြင့် ကြားခံလူများ၏ သြဇာလွှမ်းမိုးမှုကိုလျှော့ချနိုင်မည်ဖြစ်ပြီး အမှန်တကယ်အကျိုးကျေးဇူးကို တောင်သူ လယ်သမားများထံ ရောက်ရှိစေမည်ဖြစ်ကြောင်း သိရသည်။

၎င်းက တောင်သူလယ်သမားများမှန်ကန်စွာမှတ်ပုံတင်နိုင်ရန် နောက်ဆုံးပေါ်နှင့်အထိရောက်ဆုံးနည်းပညာများကိုအသုံးပြုရန် တောင်းဆိုခဲ့ပြီး လိုအပ်ပါက ဝယ်ယူရေးဗဟိုဌာနများအရေအတွက် တိုးမြှင့်ရန်နှင့် လုပ်ငန်းစဉ်တစ်ခုလုံးကို တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိစွာဆောင်ရွက်ရန် အရာရှိများကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

ဝန်ကြီးများနှင့် အရာရှိများကို သိုလှောင်မှုဆိုင်ရာ မူမမှန်မှုများနှင့်စပ်လျဉ်းသော စိုးရိမ်ပူပန်မှုများအား ထုတ်ဖော်ပြောကြားရာတွင် ပြဿနာကိုဖြေရှင်းရန် ခိုင်မာ သောအစီအမံများပြုလုပ်ကြရန် Chouhan က တိုက်တွန်းခဲ့သည်။ အဆိုပါအစည်း အဝေးသို့ Madhya Pradesh ပြည်နယ်တောင်သူလယ်သမား၊ လူမှုဖူလုံရေးနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး Aidal Singh Kansana၊ Uttar Pradesh ပြည်နယ်စိုက်ပျိုးရေးဝန်ကြီး Surya Pratap Shahi၊ ပြည်ထောင်စုစိုက်ပျိုးရေးအတွင်းဝန် Devesh Chaturvedi နှင့်အခြားအကြီးတန်းအရာရှိများ တက်ရောက်ခဲ့ကြကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source: The Hindu Businessline, Centre approves procurement of summer moong, urad in MP, urad in UP, June 24, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News