အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှ အကောက်ခွန်တိုးမြှင့်ကောက်ခံခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံမှအမေရိကန်နိုင်ငံသို့ မော်တော်ယာဉ်တင်ပို့မှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မေလတွင် ပို့ကုန်တင်ပို့မှုကျဆင်းခဲ့ကြောင်း ၁၈-၆-၂၀၂၅ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “Japan records trade deficit as export suffer from Trump’s tariffs” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်း၌ ၂၀၂၅ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့်ခန့်မှန်းထားသည်ထက် လျော့နည်းကျဆင်းခဲ့ကြောင်း ဂျပန်ဘဏ္ဍာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း၊ ပြည်တွင်းဝယ်လိုအား ကျဆင်းခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏သွင်းကုန်မှာ ၇.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ ပိုမိုကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေမှာ ယန်း ၆၃၇.၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ)ရှိခဲ့ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံထုတ်မော်တော်ယာဉ်များအပေါ် ၂၅ ရာခိုင် နှုန်းထပ်ဆောင်းအခွန်ကောက်ခံခဲ့ပြီး၊ အခြားသောကုန်စည်များအပေါ် ၂၄ ရာခိုင်နှုန်းအကောက်ခွန်ကောက်ခံခဲ့ကြောင်း၊ အမေရိကန်နိုင်ငံအနေ ဖြင့် မော်တော်ယာဉ်များအပေါ် ထပ်ဆောင်းအခွန်များတိုးမြှင့်ကောက်ခံသွားရန်ရှိကြောင်းလည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြား ထားကြောင်း ဖော်ပြထားပါသည်။
မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍသည် ဂျပန်နိုင်ငံ၏စီးပွားရေးအတွက် အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် နှစ်စဉ် မော်တော်ယာဉ်အစီးရေ ၁ သန်းကျော်ကို အမေရိကန်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ဂျပန်ကုမ္ပဏီများဖြစ်သည့် တိုယိုတာနှင့်ဟွန်ဒါတို့အနေ ဖြင့် မြောက်အမေရိကတွင် မော်တော်ယာဉ်များထုတ်လုပ်လျက်ရှိကာ အမေရိကန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်ရရှိမှုအပေါ် များစွာအထောက်အပံ့ဖြစ်စေလျက်ရှိကြောင်း ဂျပန်အစိုးရက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)