Local News

ကလောဇုန်ပန်းမန်အစုအဖွဲ့မှ ပန်းစိုက်တောင်သူများ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

Last Updated:

   (၇.၆.၂၀၂၅)ရက်နေ့၌ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟဲဟိုးမြို့နယ်ရှိ ပန်းမန်စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအစုအဖွဲ့(ကလောဇုန်)အသင်းရုံးတွင် ပန်းစိုက်တောင်သူများ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲကို ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကလောခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံကျောင်းမှ တာဝန်ရှိသူများ၊ အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပန်းစိုက်တောင်သူများနှင့် YAGRO ကုမ္ပဏီမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။

   အဆိုပါဆွေးနွေးပွဲတွင် ပန်းမန်အသင်းဥက္ကဋ္ဌ ဦးမောင်မောင်လွင်မှ (၂၀၀၉)ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းကို ရည်ရွယ်ချက်(၃)ရပ်ဖြစ်သည့် (က) တောင်သူတစ်ဦးချင်း စိုက်ပျိုးမှုနည်းပညာမြင့်မားလာစေရေး၊ (ခ) ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှုလျင်မြန်ချောမွေ့လာစေရေး၊ (ဂ) ဈေးကွက်ပိုမိုထိုးဖောက်လာစေရေးများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ အောင်မြင်မှုများရရှိပြီး အသင်းဝင်(၁၂၀)ဦးထိ တိုးပွားလာပြီး အသင်းဝင်များ၏ လူမှုရေး၊ သာရေး၊ နာရေးများကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပြီး အသင်းအောင်မြင်မှုများရရှိနေ၍ ပန်းစိုက်တောင်သူများ အကျိုးပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကလောဇုန်အတွင်းရှိ ပန်းစိုက်တောင်သူများအနေဖြင့် တစ်ဦးတစ်ယောက်ခြင်းဆောင်ရွက်သည်ထက် အသင်းအစုအဖွဲ့ဖြင့် ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်ပြဿနာများ၊ သယ်ယူပို့ဆောင်မှုပြဿနာများနှင့် စိုက်ပျိုးမှုတွင်တွေ့ကြုံရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ကြောင်းနှင့် အသင်းကို ယခုထက်ပိုမိုတိုးတက်ရန်အတွက် တာဝန်ရှိသူများဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

   ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှလည်း ယခုဆွေးနွေးတဲ့ သယ်ယူပို့ဆောင်မှုအခက်အခဲ၊ ဈေးကွက်နှင့်ဈေးနှုန်း အခက်အခဲ၊ စက်သုံးဆီအခက်အခဲများကို တစ်ဦးတစ်ယောက်ခြင်း ဖြေရှင်းဆောင်ရွက်ခြင်းထက် အစုအဖွဲ့ဖြင့်ဆောင်ရွက်ပြီး၊ အဆိုပါအခက်အခဲများကို အစုအဖွဲ့မှဦးဆောင်၍ သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ ဌာနများသို့ တင်ပြဆောင်ရွက်ခြင်းဖြင့် အခက်အခဲများဖြေရှင်းနိုင်မှာဖြစ်ကြောင်း ဆွေးနွေးခြင်း၊ ရှမ်းပြည်နယ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ တာဝန်ခံမှလည်း ဟဲဟိုးဒေသမှထွက်ရှိသည့် နှင်းဆီပန်းများကို လွန်ခဲ့တဲ့(၂)နှစ်ခန့်က မလေးရှားသို့ တင်ပို့ခဲ့ကြောင်း၊ ဈေးကွက်တင်ပို့ရာတွင် ဆုံးရှုံးမှုများမဖြစ်စေရန် ဝယ်လိုအားများသည့်ရာသီ၊ နည်းသည့်ရာသီများကို ခန့်မှန်းတွက်ချက်စိုက်ပျိုးမှသာ ဈေးကွက်လိုအပ်ချက်အတိုင်း စီးဆင်းမှုမှန်ကန်စွာဖြင့် ဈေးနှုန်းများရရှိပြီး ဆုံးရှုံးမှုနည်းပါးမှာဖြစ်ကြောင်း၊ ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံမှ တာဝန်ရှိသူမှ ဈေးကွက်ထိခိုက်မှုမဖြစ်စေရန်ကို ရန်ကုန်မြို့ရှိ လက်ကားဈေးများတွင် အသင်းမှဦးဆောင်၍ ဆိုင်ခန်းများငှားရမ်းပြီး ကိုယ်တိုင်ရောင်းချခြင်းဖြင့် ကုန်သည်များ၏ ဈေးကွက်ချုပ်ကိုင်မှုကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်းနှင့် YAGRO ကုမ္ပဏီမှ တာဝန်ရှိသူများမှ ပန်းစိုက်တောင်သူများ၊ စိုက်ပျိုးနည်းစနစ်များ၊ ပိုးသတ်ဆေးများကိုင်တွယ်သုံးစွဲမှု နည်းပညာများ ဆွေးနွေးခဲ့ကြပါသည်။

   ရှမ်းပြည်(တောင်ပိုင်း)၊ ကလောဇုန်တွင် ပန်းမန်စိုက်ပျိုးသည့်ကျေးရွာ (၁၁)ရွာရှိပြီး ဂန္ဓမာပန်းနှင့် အခြားပန်းမျိုးစိတ်(၃၅)မျိုးကို တစ်နှစ်ပတ်လုံးစိုက်ပျိုး၍ မြန်မာတစ်နိုင်ငံလုံးသို့ တစ်နေ့လျှင် ပန်းပွင့်(၅၀၀)ပါ ပုံးပေါင်း(၂၀၀၀)ခန့် နေ့စဉ်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိပါသည်။

MT-Taunggyi

Category: Local News