အမေရိကန်နိုင်ငံမှ အကောက်ခွန်တိုးမြှင့်ကောက်ခံခဲ့မှုကြောင့် ဂျပန်နိုင်ငံ၏ ပို့ကုန် ကျဆင်းခဲ့သည့်အတွက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လတာကာလအတွင်း ဂျပန်နိုင်ငံ၏ စီးပွားရေးမှာ ပထမဆုံးအကြိမ် ကျဆင်းခဲ့ကြောင်း ၁-၁၁-၂၀၂၅ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan's GDP declined in July-September on US tariffs, economists say” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ယခင်သုံးလပတ်ကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လတာကာလအတွင်း ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှု နှင့်ဝန်ဆောင်မှုတန်ဖိုးသည် ၂.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှု ဝန်ကြီးဌာနမှ ဂျပန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုညွှန်းကိန်းများကို ထုတ်ပြန်ခဲ့ပြီးနောက် နီခေးမှ စီးပွားရေးပညာရှင် ၉ ဦးကို စစ်တမ်းကောက်ယူခဲ့ရာတွင် ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ၀.၇ ရာခိုင်နှုန်းမှ ၃.၉ ရာခိုင်နှုန်းအကြား ကျဆင်းနိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။
ယခင်သုံးလပတ်ကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လတာကာလအတွင်း ပို့ကုန်မှာ ၂.၃ ရာခိုင်နှုန်းဖြင့် အများဆုံးကျဆင်းခဲ့ကြောင်း၊ ထို့အတူ ပုဂ္ဂလိကအိမ်ရာရင်းနှီးမြှုပ်နှံမှုများမှာလည်း ကျဆင်းခဲ့ကြောင်း၊ ပြည်တွင်းအသားတင် ထုတ်လုပ် မှုနှင့်ဝန်ဆောင်မှုတန်ဖိုး၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုလျက်ရှိသည့် ပုဂ္ဂလိကဝယ်ယူသုံးစွဲ နိုင်စွမ်းမှာ ယခင်သုံးလပတ်ကာလနှင့်နှိုင်းယှဉ်ပါက ၀.၁ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂.၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလပတ်ကာလတွင် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၀.၇ ရာခိုင်နှုန်း ရှိခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် Ms. Sanae Takaichi အစိုးရအဖွဲ့၏ လစာတိုးမြှင့်ပေးမှုနှင့် စီးပွားရေး ပြန်လည်ကောင်းမွန်စေရေးဆိုင်ရာ အစီအမံများကြောင့် လာမည့်နှစ် နှစ်စမှစတင်၍ ဂျပန်နိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းမှာ ၂၀၂၅ ဘဏ္ဍာနှစ်တွင် ၁ ရာခိုင်နှုန်းနှင့် ၂၀၂၆ ဘဏ္ဍာနှစ်တွင် ၀.၆ ရာခိုင်နှုန်း ရှိနိုင်ကြောင်း သိရှိရသည်။
Source: သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့
အမေရိကန်နိုင်ငံမှ အကောက်ခွန်တိုးမြှင့်ကောက်ခံခဲ့မှုကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ကျဆင်းခဲ့
Category:
International News