လူတို့သည် နေ့စဉ်နံနက်အိပ်ရာနိုးထချိန်မှအစပြုကာ တစ်နေ့တာလုပ်ငန်းများကို ပြီးမြောက်အောင် ကြိုးစားလုပ်ကိုင်ခဲ့ကြပြီး ပင်ပန်းခဲ့သမျှကို အိပ်စက်ခြင်းဖြင့် အနားယူကြသည်။ အခြေခံလူတန်းစားများအတွက်တော့ အိပ်စက်ရာတွင် ဝါးနှီးဖျာသည် မရှိမဖြစ်အရေးပါသော ပစ္စည်းတစ်ခုဖြစ်ပါသည်။ ဒေသထွက် ဝါးနှီးဖျာအချော(၁)ချပ်လျှင် ၂၂၀၀၀ ကျပ်နှင့် အကြမ်း (၁)ချပ်လျှင် ၁၇၀၀၀ ကျပ်ဖြင့်ရောင်းချကြောင်း၊ ထန်းလျှော်ဖြင့်ရက်လုပ်ထားသည့် ထန်းလျှော်ဖျာ(၁)ချပ်လျှင် အသေး၊ အကြီးပေါ်မူတည်၍ ၁၂၀၀၀ ကျပ်မှ ၂၀၀၀၀ကျပ်ထိ ရောင်းချရကြောင်း၊ မန္တလေးဘက်မှ ဝင်ရောက်သည့် သင်ဖြူးဖျာမှာ ဈေးအကြီးဆုံးဖြစ်ပြီး ၁၁၀၀၀ ကျပ်မှ ၅၅၀၀၀ ကျပ်ထိ ရောင်းချရကြောင်း၊ အခြားအသုံးအဆောင်ပစ္စည်းများဖြစ်သည့် ထန်းခေါက်ထိုင်ခုံ(၁)တစ်လုံးလျှင် ၇၀၀၀ ကျပ်၊ ထန်းလျှော်တောင်းအကြီး(၁)လုံးလျှင် ၇၅၀၀ ကျပ်၊ ထန်းလျှော်လက်ဆွဲခြင်း(၁)လုံးလျှင် ၃၀၀၀ကျပ် မှ ၅၅၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
ဝါးနှီးဖြင့်ပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်းဈေးနှုန်းများမှာ ဝါးခမောက်အသေးအကြီး ပေါ်မူတည်၍ ၂၂၀၀ ကျပ်မှ ၂၇၀၀ ကျပ်၊ ဂျုံခမောက်(၁)ချပ်လျှင် ၄၀၀၀ ကျပ်၊ တောင်သူများ အသုံးပြုသည့် ရိုင်(၁)လိပ်လျှင် ၂၃၀၀၀ ကျပ်၊ တင်းတောင်း (၁)လုံးလျှင် ၁၂၀၀၀ ကျပ်၊ ကလေးများအတွက် ဝါးနှီးပုခက်(၁)ခုလျှင် ၇၀၀၀ကျပ်၊ ထမင်းစားပွဲအုပ်ဆောင်း (၁)ခုလျှင် ၅၀၀၀ကျပ်၊ ကြက်အုပ် ဆောင်း(၁)လုံးလျှင် ၇၀၀၀ကျပ်၊ ဇကော(၁)ချပ်လျှင် ၄၀၀၀ကျပ်၊ ဇကာ(၁)ချပ်လျှင် ၃၀၀၀ကျပ်၊ သောက်ရေအိုးဖုံး(၁)ချပ်လျှင် ၁၀၀၀ကျပ်မှ ၁၂၀၀ ကျပ်ထိရှိကြောင်း၊ တံမျက်စည်းကြမ်း(၁)ချောင်းလျှင် ၃၅၀၀ ကျပ်မှ ၄၅၀၀ ကျပ်၊ တံမျက်စည်းနု(၁)ချောင်းလျှင် ၁၈၀၀ မှ ၂၅၀၀ ကျပ်၊ နွားချေးပစ်ခြင်းတောင်း(၁)လုံးလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ ကျပ်ဖြင့် ရွှေဘိုမြို့ဝါးနှီးပစ္စည်းအရောင်းဆိုင်မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm
 
                         
                     
                         
                        