၂၀၂၅ ခုနှစ်၊ ဧပြီလနှင့် မေလတို့၏ အချက်အလက်များအပေါ် အခြေခံ၍ နှစ်အလိုက် တွက်ချက်မှုအရ စင်ကာပူနိုင်ငံ၏စီးပွားရေးမှာ ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်တွင် ၄.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒုတိယ ၃ လပတ်တွင် ၄.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ပထမ နှစ်ဝက်တွင် ဂျီဒီပီတိုးတက်မှုမှာ ပျမ်းမျှ ၄.၂ ရာခိုင်နှုန်းရှိကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။
ထုတ်လုပ်မှုကဏ္ဍတွင် နှစ်အလိုက်တွက်ချက်မှုအရ ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်တွင် ၄.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒုတိယ ၃ လပတ်တွင် ၅.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ထုတ်လုပ်မှုကဏ္ဍတွင် ဓာတုပစ္စည်းနှင့်အထွေထွေထုတ်လုပ်မှုလုပ်ငန်းမှလွဲ၍ ကျန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ခဲ့ပါသည်။
ဆောက်လုပ်ရေးကဏ္ဍတွင် နှစ်အလိုက်တွက်ချက်မှုအရ ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်တွင် ၅.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒုတိယ ၃ လပတ်တွင် ၄.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ အစိုးရတည်ဆောက်ရေးလုပ်ငန်းများ တိုးတက်လာမှုကြောင့် ဆောက်လုပ်ရေးကဏ္ဍတွင် ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်း ဖြစ်ပါသည်။
ဝန်ဆောင်မှုကဏ္ဍများအနက် လက်လီလက်ကားကုန်သွယ်မှု၊ ပို့ဆောင်ရေးနှင့် သိုလှောင်ရေးကဏ္ဍတို့တွင် ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်၌ ၄.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒုတိယ ၃ လပတ်တွင် ၄.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ရေကြောင်းပို့ဆောင်ရေး တိုးတက်ခဲ့သောကြောင့် ပို့ဆောင်ရေးနှင့်သိုလှောင်ရေးကဏ္ဍတွင် တိုးတက်ခဲ့ခြင်းဖြစ်ပြီး လက်ကားကုန်သွယ်မှုတွင် စက်ပစ္စည်းများ၊ ကိရိယာပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ ရောင်းဝယ်မှု တိုးတက်ခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ အပြန်အလှန်အကောက်ခွန်နှုန်းထားသတ်မှတ်မှုကို ရက်ပေါင်း ၉၀ ခေတ္တဆိုင်းငံထားမှု ကာလမတိုင်မီ ဒေသတွင်း၌ ကြိုတင်ဝယ်ယူမှုများကြောင့် ပို့ဆောင်ရေးနှင့် သိုလှောင်ရေးကဏ္ဍနှင့် လက်ကားကုန်သွယ်မှုကဏ္ဍတို့တွင် တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။ မော်တော်ယာဉ်နှင့် မော်တော် ယာဉ်မဟုတ်သည့်ယာဉ်များ ရောင်းချရမှု တိုးတက်ခဲ့သည့်အတွက် လက်လီကုန်သွယ်မှု တိုးတက် ခဲ့ခြင်း ဖြစ်ပါသည်။
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်း၊ ပညာရပ်ပိုင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းအုပ်စုတို့တွင် ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်၌ ၃.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒုတိယ ၃ လပတ်တွင် ၃.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ အိုင်တီနှင့် ဒီဂျစ်တယ် ဝန်ဆောင်မှုလုပ်ငန်းများကြောင့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးကဏ္ဍ တိုးတက်ခဲ့ခြင်းဖြစ်ပြီး ရုံးချုပ်များဖွင့်လှစ်ခြင်း၊ စီးပွားရေးကိုယ်စားလှယ်ရုံးခွဲများကြောင့် ပညာရပ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။ ဘဏ်လုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကြောင့် ငွေကြေးနှင့်အာမခံလုပ်ငန်းကဏ္ဍ တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။
ဝန်ဆောင်မှုကဏ္ဍများ (အပန်းဖြေတည်းခိုနေထိုင်မှု၊ အစားအသောက်ဝန်ဆောင်မှု၊ အိမ်ခြံ မြေ၊ စီမံခန့်ခွဲမှုနှင့် အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်း၊ အခြားဝန်ဆောင်မှုလုပ်ငန်းများ) တွင် ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်တွင် ၂.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဒုတိယ ၃ လပတ်တွင် ၃.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ဝန်ဆောင်မှုကဏ္ဍတွင် တိုးတက်ရခြင်းမှာ အဓိကအားဖြင့် အပန်းဖြေတည်းခိုနေထိုင်မှုလုပ်ငန်းများတွင် တိုးတက်လာသည့်အတွက်ဖြစ်ပြီး နိုင်ငံတကာမှ ခရီးသွားများ ဝင်ရောက်မှု ပိုမိုများပြားလာသောကြောင့် ဖြစ်ပါသည်။
ရင်းမြစ်။ စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့ စက်မှုဝန်ကြီးဌာန
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)