Singapore

(၁၇) ကြိမ်မြောက် စင်ကာပူနှင့် တရုတ် JCBC အစည်းအဝေးတွင် ဒီဂျစ်တယ်ကုန်သွယ်မှုနှင့် ဈေးကွက်ဝင်ရောက်ခွင့် တိုးတက်လာစေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့

Last Updated:

(၁၇) ကြိမ်မြောက် စင်ကာပူနှင့် တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကောင်စီ (Joint Council for Bilateral Cooperation-JCBC) အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ၂၉-၁၂-၂၀၂၁ ရက်နေ့တွင် ဗွီဒီယိုကွန်ဖရင့်အစီအစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ယင်းအစည်းအဝေးများတွင် စင်ကာပူနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် Heng Swee Keat နှင့် တရုတ်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် Han Zheng တို့က ပူးတွဲ သဘာပတိများအဖြစ် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

JCBC အစည်းအဝေးတွင် Belt and Road Initiative (BRI)၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရေရှည်တည်တံ့ရေး၊ ဘဏ္ဍာရေး၊ ဆန်းသစ် တီထွင်မှု၊ ပြည်သူ့ကျန်းမာရေးနှင့် ယဉ်ကျေးမှုဖလှယ်ခြင်း၊ နိုင်ငံတော်အဆင့် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတစ်ခုဖြစ်သော တရုတ်- စင်ကာပူ Guangzhou Knowledge City စသည့်ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပါ သည်။ တရုတ်နှင့် စင်ကာပူနိုင်ငံတို့သည် Circular Economy၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ Green Infrastructure စသည့်ကဏ္ဍသစ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ရယူနိုင်ရန် ကောင်းမွန်သောအနေအထားတွင် ရှိပါကြောင်း ဖော်ပြဆွေးနွေး ခဲ့ကြပြီး ဒီဂျစ်တယ်ခေတ်၏ အခွင့်အလမ်းကောင်းများကို ဆုပ်ကိုင်နိုင်ရန်အတွက် ဒီဂျစ်တယ်စီးပွားရေး၊ စမတ်မြို့တော်များ၊ သိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှု စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားရန် နှစ်ဖက်သဘောတူညီခဲ့ကြပါသည်။

ထို့အပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အတွက် နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် (၁၄) ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း JCBC အစည်းအဝေးတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၎င်းတို့မှာ (၁) တရုတ်- စင်ကာပူ (ချုံကင်း) ချိတ်ဆက်မှုဆိုင်ရာ ပူးပေါင်းဆာင်ရွက်ရေးအစီအစဉ်- နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှုစင်္ကြန်သစ် (CCI ILSTC) ၊ (၂) မြို့ပြအုပ်ချုပ်ရေး၊ မြို့ပြစီမံကိန်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ (၃) အသိပညာမျှဝေခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ (၄) ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ (၉) ကြိမ်မြောက် အမှုဆောင်အစီအစဉ်၊ (၅) လုပ်ငန်းစုများ အပြန်အလှန်ချိတ်ဆက်နိုင်သော ပြတင်းတစ်ပေါက် (Single Window) ဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ (၆) အစိမ်းရောင်နှင့် ကာဗွန်ထုတ်လွှတ်မှုနည်းသော လုပ်ငန်း များဖွံ့ဖြိုးမှုဆိုင်ရာ ပူးတွဲစာတမ်း၊ (၇) ယှဉ်ပြိုင်မှုဥပဒေတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ (၈) သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ (၉) တရုတ်- စင်ကာပူ Tianjin Eco City ရှိ "ဥယျာဉ်မြို့တော်" စီမံကိန်းဆိုင်ရာနားလည်မှု စာချွန်လွှာ၊ (၁၀) သင်္ဘောနှင့် သင်္ဘောသားများ အတွက် အီလက်ထရွန်နစ် သက်သေခံလက်မှတ်များဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ (၁၁) SIP နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုစက်တာ (စင်ကာပူ) ကို တည်ထောင်နိုင်ရေးအတွက် ပံ့ပိုးကူညီရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ (၁၂) စင်ကာပူ အမျိုးသားတက္ကသိုလ် Guangzhou Research Translation and Innovation Institute ကိုတည်ထောင်ရန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၊ (၁၃) exchange-traded funds (ETF) Product Link ထူထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာနှင့် (၁၄) commodity derivatives ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကြေညာချက်တို့ဖြစ်ကြပါသည်။

တရုတ်နိုင်ငံ၏ CPTPP စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ CPTPP အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ရေး လျှောက်ထားမှုနှင့် ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုသဘောတူစာချုပ် (DEPA) တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ရန် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် စင်ကာပူနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်က ကြိုဆိုခဲ့ပြီး တရုတ် နိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော် ခရီးသွားလာမှုများကို ပြန်လည်စတင်ရန် အဆင်သင့်ဖြစ်ချိန်တွင် ပထမဦးစွာ ချိတ်ဆက်ဆောင်ရွက်မည့်နိုင်ငံများ၌ စင်ကာပူနိုင်ငံ ပါဝင်လာမည်ဟု မျှော်လင့်ပါကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။

(၁၇) ကြိမ်မြောက် JCBC အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးတို့တွင် နှစ်ဖက်စီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၌ ဈေးကွက်ဝင်ရောက်ခွင့်တိုးတက်လာစေရေးနှင့် ဒီဂျစ်တယ်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရန် ကိစ္စရပ်များကိုလည်း ဆွေးနွေး ခဲ့ကြကြောင်း၊ တရုတ်- စင်ကာပူ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်အရ ဆွေးနွေးညှိနှိုင်းမှုများကြောင့် တရုတ်နိုင်ငံ၏ တယ်လီဖုန်းဆက်သွယ်ရေး ဈေးကွက်တွင် လုပ်ကိုင်နေသော စင်ကာပူကုမ္ပဏီများ၏ ဈေးကွက်ဝင်ရောက်ခွင့်များ သိသာထင်ရှားသော တိုးတက်မှုရရှိခဲ့ကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဌာန ဝန်ကြီး Gan Kim Yong ကပြောကြားခဲ့ပြီး တရုတ်နိုင်ငံရှိ ဆိပ်ကမ်းများတွင် စားသောက်ကုန်များအား အလျင်အမြန်စစ်ဆေးရှင်းလင်းနိုင်ရန်အတွက် စင်ကာပူ နိုင်ငံတွင် ရှေ့ပြေးစစ်ဆေးရေးဌာနကို ဖွင့်လှစ်ဆောင်ရွက်ပါက စားသောက်ကုန်ကဲ့သို့သော မရှိအဖြစ်လိုအပ်သော ကုန်ပစ္စည်းများအတွက် Supply Chain ကောင်း မွန်လာစေမည်ဟု ၎င်းအနေဖြင့် အကြံပြုခဲ့ကြောင်းလည်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Source: The Straits Times, The Business Times

 

 

Category: Singapore