ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု ဂယက်သည် ဘဏ္ဍာရေးစနစ်ကို ဘက်ပေါင်းစုံမှ မတည်မငြိမ်ဖြစ်လာစေနိုင်သည့်အတွက် အာဏာပိုင်များအနေဖြင့် ဖြစ်နိုင်ချေရှိသည့် အစီအမံများကို တတ်နိုင်သမျှ ချမှတ်ဆောင်ရွက်ရန် လိုအပ်ပါသည်။
ဂျပန်ဗဟိုဘဏ်သည် ၎င်း၏ နှစ်စဉ်အစီရင်ခံစာတွင် ဘဏ္ဍာရေးအခြေအနေများကို သုံးသပ်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအစီရင်ခံစာတွင် ဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် နိုင်ငံ၏ စီးပွားရေးချိနဲ့ယိမ်းယိုင်မှု သက်တမ်းရှည်နေမည်ဆိုပါက စီးပွားရေးနှင့်ဘဏ္ဍာရေးကဏ္ဍတို့အကြား အပြန်အလှန်ဆက်စပ် နေမှုကို ဆန့်ကျင်ဖက်ဆိုးကျိုးသက်ရောက်မှု မြင့်မားလာစေနိုင်မည်ဟု ဖော်ပြထားပါသည်။
လက်ရှိဘဏ္ဍာရေးအကျပ်တည်း ဆက်လက်ကြီးထွားနေပြီး ချေးငွေအသစ်များ ဆောင်ရွက်ရန် ဘဏ်လုပ်ငန်းများ တုံဆိုင်းနေပါက စီးပွားရေးကျဆင်းမှု သည်လည်း ဆက်လက်တိုးတက်ဖြစ်ပေါ်နေမည်ဖြစ်သဖြင့် ထိုသို့သော အခြေအနေကို ရှောင်ရှားရမည်ဖြစ်ပါသည်။ ဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် ဗိုင်းရပ်စ်ပြန့်ပွားမှု ဂယက်ရိုက်ခတ်ခံရပြီး ငွေကြေးလည်ပတ်မှု အကျပ်အတည်းကြုံနေကြရသည့် စီးပွားရေးလုပ်ငန်းများအား အတတ်နိုင်ဆုံး ပံ့ပိုးမှုများ ပေးရန်မှာ ဦးစားပေးလုပ်ငန်းတာဝန်ဖြစ်ပါသည်။ ထိုသို့ပံ့ပိုးရာတွင် စီးပွားရေးလုပ်ငန်းများအား ချေးငွေပြန်လည်ပေးဆပ်ရမည့်အချိန် ရွှေ့ဆိုင်းပေးခြင်း၊ ချေးငွေအသစ်ပုံစံများဖြင့် ပံ့ပိုးပေးခြင်း စသည်တို့ကို ချေးယူသူများ၏ အခြေအနေအပေါ်မူတည်၍ ဆောင်ရွက်ပေးသင့်ပါသည်။
ဒေဝါလီခံလိုက်သည့် စီးပွားရေးလုပ်ငန်းအရေအတွက် တိုးမြင့်လာမည်ဆိုပါက ဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် ပမာဏများပြားသည့် ချေးငွေ အစီအစဉ်များကို စီစဉ်ဆောင်ရွက် ရန် တွန်းအားပေးခြင်းခံရပါမည်။ ထိုအစီရင်ခံစာတွင် ၂၀၀၈ ခုနှစ်က ရင်ဆိုင်တွေ့ကြုံခဲ့ရသည့် Lehman Brothers ပြဿနာ၏ နောက်ဆက်တွဲ အကျပ်အတည်းရင်ဆိုင်ရမှုနှင့်နှိုင်းယှဉ်၍ ကိုရိုနာဂယက်သည် Lehman crisis ထက် ပိုမိုပြင်းထန်နိုင်ပါကြောင်း၊ မသေချာသည့် အနာဂတ်မျိုးကြုံတွေ့ရနိုင်ပါကြောင်း၊ ပြည်တွင်းဘဏ်များအနေဖြင့် လတ်တလော ငွေလုံးငွေရင်း လုံလောက်စွာရှိနေစေကာမူ ကပ်ရောဂါကြာရှည်မည့်အတိုင်းအတာမှာ မခန့်မှန်းနိုင်သေးသည့်အတွက် အနာဂတ် အတွက် အာမခံချက်မရှိပါကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၀ ဘဏ္ဍာ နှစ်မှစ၍ သုံးနှစ်ဆက်တိုက် ဘဏ္ဍာရေးအခက်အခဲနှင့် တွေ့ကြုံရနိုင်ကြောင်း ဂျပန်ဗဟိုဘဏ်က ခန့်မှန်းသုံးသပ်ထားပါသည်။
သို့ဖြစ်၍ ဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် စီးပွားရေးလုပ်ငန်းများထံ ချောမွေ့စွာပံ့ပိုးပေးနိုင်သော ဘက်စုံမျှတသည့် ရန်ပုံငွေထောက်ပံ့မှုမျိုးကို ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ပါသည်။ ထိုအချက်သည် အစိုးရပိုင်းနှင့် ဘဏ္ဍာရေး နယ်ပယ်မှ အဖွဲ့အစည်းများအတွက် ကမ္ဘာ့ကပ်ရောဂါ သက်တမ်းရှည်နိုင်မည့် အခြေအနေအတွက် လိုက်လျောညီထွေရှိမည့် အစီအမံများချမှတ်ရန် သတိပြုရမည့် အရေးကြီးအချက်တစ်ခုပင်ဖြစ်ပါသည်။
ဘဏ်တစ်ခု၏ ဘဏ္ဍာရေးအခြေအနေ သိသိသာသာ ဆိုးရွားလာသည့်အခြေအနေနှင့် တွေ့ကြုံလာပါက ၎င်း၏မတည်ရင်းနှီးငွေကို အစိုးရ၏ ရန်ပုံငွေများ ပိုမိုထည့်ဝင်ပေးခြင်းသည် ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုပင်ဖြစ်ပါသည်။ ပြည်တွင်းဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် အတူတကွပေါင်းစပ် ဆောင်ရွက်ကြခြင်းဖြင့် ၎င်းတို့၏ စီမံခန့်ခွဲမှုများကို ပိုမိုခိုင်မာလာစေမည့် နည်းလမ်းသစ်များ ဖော်ဆောင်သင့်ပါသည်။
ပြည်တွင်းဘဏ်များသည် ဆုံးရှုံးမှု ဖြစ်နိုင်ချေများသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ချေးငွေများ တိုးမြှင့်ဆောင်ရွက်နေကြပြီး ၎င်းဘဏ် များ၏ ၄၀ % ခန့် သည် နိုင်ငံခြားငွေကြွေးမြီ တင်ရှိနေကြသူများ ဖြစ်ကြကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ ဆုံးရှုံးမှုဖြစ်နိုင်ခြေစီမံခန့်ခွဲမှု (risk management) ဆောင်ရွက်ချက်များသည် ဆီလျော်မှုရှိ/မရှိကို ပြန်လည် ဆန်းစစ်ရန် လိုအပ်ပါ ကြောင်း ထောက်ပြထားပါသည်။
၂၀၂၀ ပြည့်နှစ်၊ မတ်လကတည်းက ကမ္ဘာတစ်လွှား အမေရိကန်ဒေါ်လာစျေး မြင့်တက်ရန် ခက်ခဲနေပါကြောင်း၊ အကြောင်းအရင်းမှာ ကုမ္ပဏီများနှင့် ရံပုံငွေရှာဖွေရေး အဖွဲ့အစည်းများက ဒေါ်လာအာမခံချက်ရှိရန် ၎င်းတို့၏ စတော့ရှယ်ယာများနှင့် အခြားသောပိုင်ဆိုင်မှုများကို ရောင်းချခဲ့ကြခြင်းကြောင့်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်မှုမျိုးသည် နိုင်ငံတကာ ပေးချေမှုများတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြသည့် ပုံစံတစ်ခုဖြစ်ပါသည်။
ဂျပန်ဗဟိုဘဏ်၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့သည် အချင်းချင်း ဒေါ်လာငွေကြေး ချေးငှားဖလှယ်ပြီး ပုဂ္ဂလိကဘဏ္ဍာရေး အဖွဲ့အစည်းများထံ ပမာဏများများ ပံ့ပိုးပေးသည့်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ခဲ့ကြပါသည်။ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် စျေးကွက်များ တည်ငြိမ်မှုကို မြန်ဆန်စွာအကောင်အထည်ဖော်နိုင်ကြောင်းတွေ့ရပါသည်။ ဤအချက်သည် Lehman shock အကျပ်အတည်းမှရရှိခဲ့သည့် သင်ခန်းစာဖြစ်သည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အသုံးချဆောင်ရွက်ခြင်း၏ ပြယုဂ်တစ်ခုဟုလည်း ဆိုနိုင်ပါသည်။ ဂျပန်အစိုးရနှင့် ဂျပန်ဗဟိုဘဏ်တို့သည် အခြားသောအင်အားကြီးနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း သုံးသပ်ဖော်ပြထားပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)