Singapore

ကမ္ဘာ့အဆင့်မီလုပ်ငန်းများဖြစ်လာရန် အလားအလာရှိသောလုပ်ငန်းများကို အစိုးရမှ "Scale-up SG" အစီအစဉ်ဖြင့် တိုးမြှင့်ထောက်ပံ့

Last Updated:

ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းများဖြစ်လာရန် ကြိုးစားဆောင်ရွက်နေကြပြီး အလား အလာကောင်းများရှိသော ပြည်တွင်းလုပ်ငန်းများကို အစိုးရမှ "Scale-up SG Programme" အစီအစဉ်ဖြင့် ၂၀၁၉ ခုနှစ်မှစ၍ ပံ့ပိုးပေးလျက်ရှိရာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ တစ်နှစ်တာကာလအတွင်း လုပ်ငန်းများက ဤအစီအစဉ်တွင်ပါဝင် ဆောင်ရွက်ခြင်းဖြင့် ကုန်ကျမည့်စရိတ်များ၏ ၈၀ ရာခိုင်နှုန်းအထိကို တိုးမြှင့်ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။

ဤအစီအစဉ်တွင် ပါဝင်သောလုပ်ငန်းများကို ယခင်က ၇၀ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးခဲ့ရာ ယခုအခါ ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထောက်ပံ့ပေးမည်ဖြစ်ပါသည်။ ဤအစီအစဉ်တွင် အဆင့်(၃)ဆင့်ပါဝင်ပြီး အချိန်ကာလ အားဖြင့် (၂)နှစ်ခွဲ ကြာမြင့်ကြောင်း၊ လုပ်ငန်းများသည် ဤအစီ အစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရ၏မိတ်ဖက်အဖွဲအစည်းများ ဖြစ်ကြသော McKinsey & Company နှင့် PwC Singapore တို့နှင့် ပူးပေါင်းဆောင်ရွက်၍ နည်းဗျူဟာများချမှတ်ခြင်း၊ လုပ်ငန်းစီမံကိန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ လေ့လာနိုင်မည်ဖြစ်ကြောင်း၊ ဤအစီအစဉ်စတင်ခဲ့သော ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် လုပ်ငန်း ၂၅ ခုပါဝင်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအသုတ်တွင် လုပ်ငန်း ၁၈ ခု ပါဝင်ခဲ့ကြောင်း၊ လာမည့် (၂) နှစ်တာကာလအတွင်း လုပ်ငန်း ၅၀ ခုကို ဆက်လက်ပံ့ပိုးပေးသွားရန် ရည်ရွယ်ထားကြောင်း၊ အလားအလာရှိသော လုပ်ငန်းများက အလုပ်အကိုင်များကို ဖန်တီးပေးလျက်ရှိသည့်အတွက် ယခုကဲ့သို့ အခက်အခဲကြုံတွေ့နေရသည့်ကာလများတွင် ယင်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ပံ့ပိုးပေးမှုများကို လျှော့ချဆောင်ရွက်သွား မည်မဟုတ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနဝန်ကြီး Mr Chan Chun Sing က ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနို်ငငံ)

သတင်းရင်းမြစ် ။    ။ Channel News Asia

Category: Singapore