Thailand

ကားအစိတ်အပိုင်းများ၏အကျပ်အတည်းကြောင့်ကားတင်ပို့မှုထိခိုက်ခဲ့ခြင်း

Last Updated:

ရုရှား-ယူကရိန်း အကျပ်အတည်းကြောင့် ကားအစိတ်အပိုင်းများနှင့် ဆီမီးကွန်ဒတ်တာ များပြတ်လပ်မှုဖြစ်ပေါ်ခဲ့ကာ ထိုင်းနိုင်ငံ၏ မော်တော်ကား ပြည်တင်ပို့မှုသည် မတ်လတွင် နှစ်အလိုက်၌ (၁၀.၂%) ကျဆင်းခဲ့ပြီး အစီးရေ (၉၃,၈၉၀) သာ ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင် များအသင်းချုပ် (FTI) ၏ အဆိုအရသိရှိရပါသည်။ အဆိုပါ မော်တော်ကားပစ္စည်းများ ပြတ်လပ်မှုကြောင့် ဩစတြေးလျနိုင်ငံ၊ ဉရောပနှင့် အာရှ ဈေးကွက်များသို့ မော်တော်ကားမော်ဒယ်များစွာ တင်ပို့မှုအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း FTI ၏ ဒုတိယဉက္ကဌနှင့် မော်တော်ကားကလပ်အသင်း ၏ ပြောရေးဆိုခွင့်ရှိသူ Surapong က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရှန်ဟိုင်းတွင် ကိုဗစ်-၁၉ lockdown ချထားခြင်းသည် မော်တော်ကားအစိတ်အပိုင်းများပြတ်လပ်မှု၏ နောက်ကွယ်မှ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ နောက်ဆုံးတွင် မော်တော်ကားလုပ်ငန်း၏ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်စေခဲ့ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံနှင့် ကမ္ဘာ့ဈေးကွက် သို့ မော်တော်ယာဉ်အစိတ်အပိုင်းများ ထောက်ပံ့ပေးနေသည့် အဓိကစက်ရုံ (၂) ခုရှိနေကြောင်း၊ မိမိတို့အနေဖြင့်ကပ်ရောဂါမှာ မကြာမီပြန်လည် ကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း မစ္စတာဆူရာပေါင်၏ အဆိုအရ သိရှိရပါသည်။

FTI အနေဖြင့် ရုရှား- ယူကရိန်း အကျပ်အတည်းကြောင့် ထိုင်းနိုင်ငံရှိ မော်တော်ကားထုတ်လုပ်သူများအပေါ် သက်ရောက်မှုများကို အနီးကပ်စောင့် ကြည့်လေ့လာလျှက်ရှိနေကြောင်း၊ အဆိုပါအကျပ်အတည်းက မော်တော်ကားတပ်ဆင်မှုအတွက် လိုအပ်သောအစိတ်အပိုင်းများ၏ ထောက်ပံ့ ပို့ဆောင်မှုအတွက် အရေးကြီးကြောင်း သိရှိရပါသည်။

FTI ၏အဆိုအရ ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ မော်တော်ကားပြည်ပသို့တင်ပို့မှုမှာ ယခင်နှစ်ကထက် (၅.၈၁%) ကျဆင်းခဲ့ကြောင်း၊ တင်ပို့မှု အနေဖြင့် နှစ်အလိုက်တွင် အစီးရေ (၂၄၃,၁၂၄) စီးရှိကြောင်း၊ ပို့ကုန်တင်ပို့မှုတန်ဖိုးအနေဖြင့် (၀.၈၆%) မြင့်တက်ခဲ့ပြီး ပို့ကုန်တန်ဖိုးအနေဖြင့် ဘတ်ငွေ (၁၄၄.၁၆) ဘီလီယံရှိခဲ့ကြောင်း၊ သို့ရာတွင် ဖေဖေါ်ဝါရီလနှင့်နှိုင်းယှဉ်ပါက မတ်လတွင် မော်တော်ကား တင်ပို့မှုအစီးရေမှာ (၁၈%) မြင့်တက် ခဲ့ကြောင်း သိရှိရပါသည်။

မတ်လတွင် ပြည်တွင်းကားအရောင်းမှာ နှစ်အလိုက်တွင် (၉,၁%) တိုးတက်ခဲ့ပြီး အစီးရေ (၈၇,၂၄၅) စီးရောင်းချခဲ့ကြောင်း၊ ၎င်းမှာ ဖေဖေါ်ဝါရီလ ထက် (၁၇.၁၂%) တိုးတက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ဇန်နဝါရီလမှ မတ်လအထိ ပြည်တွင်းကားအရောင်းမှာ (၁၉%) တိုးတက်ခဲ့ပြီး နှစ်အလိုက်တွင် အစီးရေ (၂၃၁,၁၈၉) စီးရှိခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ တိုးတက်လာမှုမှာ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ဖြေလျှော့ဆောင်ရွက်ပေးခဲ့မှုများ၊ လျှပ်စစ်ကားအရောင်းမြှင့်တင်ရန် လျှပ်စစ်ကား Ev များကို မက်လုံးများပေးသည့်အစီအစဉ်များနှင့် အပြည်ပြည်ဆိုင်ရာ မော်တော်ကားပြပွဲတို့အား ကျင်းပခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။ မောင်း ထောင်းထာနီ Impact Challenger Hall ၌ (၁၂) ရက်ကြာ ကျင်းပခဲ့သည့့်် အပြည်ပြည်ဆိုင်ရာ မော်တော်ကားပြပွဲသည် ဧပြီလ (၃) ရက်နေ့တွင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

မတ်လတွင် ထိုင်းနိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုမှာ (၆.၂၅%) တိုးတက်ခဲ့ကြောင်းနှင့် ထုတ်လုပ်မှုအစီးရေအနေဖြင့် နှစ်အလိုက်တွင် (၁၇၂,၆၇၁) စီးရှိခဲ့ကြောင်း သိရှိရပါသည်။ ဇန်နဝါရီလမှ မတ်လအထိ မော်တော်ကားထုတ်လုပ်မှုမှာ နှစ်အလိုက်တွင် (၃.၀၆%) တိုးတက်ခဲ့ပြီး အစီးရေအားဖြင့် (၄၈၀,၀၇၈) စီးရှိခဲ့ကြောင်း သိရှိရပါသည်။ ၎င်းတို့အနက် (၃၂%) မှာ ဗန်ကောက် အပြည်ပြည်ဆိုင်ရာမော်တော်ကားပြပွဲနှင့် ဆုန်ခရန်အားလပ်ရက် ပိတ်ရက်များအတွင်း တိုးတက်လာသည့် ဝယ်လိုအားမြင့်မားမှုအပေါ် ဖြည့်ဆည်းနိုင်ရန်အတွက် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

 

Category: Thailand