Singapore

ကိုဗစ် ၁၉ ကာလအတွင်း စီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင်ရရှိမှုအပေါ် ဆက်လက် အထောက်အကူပြုပေးမည့် စင်ကာပူဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိ အစီအမံများကို စင်ကာပူနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်ထုတ်ပြန်ကြေညာ

Last Updated:

ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင်ရရှိမှုတို့အပေါ် ဂယက်ရိုက်ခတ်မှုဖြစ်ပေါ်နေသောအခြေအနေများ ကို ကုစားနိုင်ရန်အတွက် စင်ကာပူ ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိသော အစီအမံများဖြင့်ထပ်မံ၍ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း စင်ကာပူ နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်ဖြစ်သူ Mr Heng Swee Keat က ၁၇- ၈ - ၂၀၂၀ ရက်နေ့တွင် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

 ဆက်လက်ထောက်ပံ့ပေးမည့်အစီအမံများတွင် လုပ်ငန်းများမှ ပေးချေရသော ဝန်ထမ်း လုပ်ခလစာကုန်ကျစရိတ်များကို သက်သာစေရန်အတွက် လုပ်ငန်းကဏ္ဍအလိုက် လုပ်ခလစာ၏ ၇၅ ရာခိုင်နှုန်းအထိကို အစိုးရက ပံ့ပိုးပေးနေသည့်အစီအစဉ်မှာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လတွင် ကုန်ဆုံး တော့မည်ဖြစ်၍ ယခုအခါ လုပ်ငန်းကဏ္ဍအလိုက်သတ်မှတ်ချက်ဖြင့် လုပ်ခလစာ၏ ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိကို နောက်ထပ် (၇) လ ၂၀၂၁ ခုနှစ်၊ မတ်လအထိ တိုးမြှင့် ထောက်ပံ့ပေးမည့်အစီအစဉ် (Jobs Support Scheme)၊ ဤကာလအတွင်းမှာပင် အချို့သောလုပ်ငန်းကဏ္ဍများသည် ဆက်လက်တိုးတက်မှုဖြစ်ပေါ်နေသည့်အတွက် ၎င်းလုပ်ငန်းများက လုပ်သားငှားရမ်း ခန့်ထားမှုများပြုလုပ်ရန် လိုအပ်သဖြင့် ပြည်တွင်း လုပ်သားများကို ငှားရမ်း ခန့်ထားပါက အသက်အပိုင်းအခြားအလိုက် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိကို အစိုးရမှ ထောက်ပံ့ ပေးမည့် စင်ကာပူဒေါ်လာ ၁ ဘီလီယံ လျာထားသောအစီအစဉ် (Jobs Growth Incentive)၊ ကိုဗစ်ကာလအတွင်း အလုပ်အကိုင်ဆုံးရှုံးမှုနှင့် ဝင်ငွေကျဆင်းမှု အခြေအနေများ ကြုံတွေ့ရသူများအတွက် ထောက်ပံ့ကြေးအစီအစဉ် (COVID-19 Support Grant)၊ လုပ်ခလစာနည်းသော လုပ်သားများအတွက် ထပ်ဆင့်ပံ့ပိုးပေးမည့်အစီအစဉ် (Workfare Income Supplement Scheme)၊ လေကြောင်းပို့ဆောင်ရေးနှင့် ခရီးသွား လာရေးလုပ်ငန်းကဏ္ဍအတွက် စင်ကာပူဒေါ်လာ ၁၈၇ သန်း တိုးချဲ့ပံ့ပိုးပေးမည့်အစီအစဉ်၊ လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကဏ္ဍရှိ လုပ်သား များအတွက် ယာယီအလုပ်အကိုင်ဖန်တီးပေးမှုကို တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်၊ ပြည်တွင်းခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်ရန်အတွက် စင်ကာပူဒေါ်လာ ၃၂၀ သန်း တန်ဖိုးရှိသော ဘောင်ချာများ (Tourism Vouchers) ကို စင်ကာပူနိုင်ငံသားများသို့ ထုတ်ပေးသွား မည့်အစီအစဉ်နှင့် ကိုဗစ်ကာလအလွန်တွင် နိုင်ငံ၏ အသွင်ကူးပြောင်းဆောင်ရွက်မှုကို မြှင့်တင်ပေး နိုင်သော ဖွံ့ဖြိုးစလုပ်ငန်းများအား ထောက်ပံ့မှုအစီအစဉ်အတွက် စင်ကာပူဒေါ်လာ ၁၅၀ သန်း တိုးမြှင့်ပံ့ပိုးပေးမည့်အစီအစဉ်များ ပါဝင်ပါသည်။  

ယခုကဲ့သို့ ဆက်လက်ထောက်ပံ့ပေးသွားမည့်အစီအမံများအတွက် စင်ကာပူနိုင်ငံ၏ သီးသန့်ရန်ပုံငွေစာရင်းမှ ထုတ်ယူသုံးစွဲရန်မလိုအပ်ဘဲ ကိုဗစ် ကြောင့် နှောင့်နှေးသွားခဲ့ရသော အစိုးရ၏ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများမှ လွှဲပြောင်းသုံးစွဲသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိ စင်ကာပူနိုင်ငံ၏ ၂၀၂၀ ဘဏ္ဍာနှစ် အစိုးရဘတ်ဂျက်စာရင်းတွင် လိုငွေ စင်ကာပူဒေါ်လာ ၇၄.၂ ဘီလီယံ ပေါ်ပေါက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Finance/ The Straits Times

Category: Singapore