Singapore

ကိုဗစ် ၁၉ ကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍ၏ အလုပ်အကိုင်ဆုံးရှုံးမှုများကို ပိုမိုမြင်တွေ့လာဖွယ် ရှိသော်လည်း ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်လာရေးအတွက် ရေရှည်စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်မည်

Last Updated:

စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (Singapore Tourism Board - STB) သည် လူ့စွမ်း အားဝန်ကြီးဌာန၊ Workforce Singapore အစိုးရအေဂျင်စီ၊ အလုပ်သမား သမဂ္ဂတို့နှင့် ပူးပေါင်းလျက် ခရီးသွားလုပ်ငန်းကဏ္ဍရှိ အလုပ်အကိုင်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သော လုပ်သားများကို အခြားလုပ်ငန်းကဏ္ဍများသို့ ရွှေ့ပြောင်းလုပ်ကိုင်နိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရှာဖွေပေးနိုင်ရန် နည်းဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိသော်လည်း အနည်းဆုံး နောက်ထပ် ၉ လအထိ ဤကဏ္ဍတွင် အလုပ်အကိုင်များ ပြန်လည်ဖန်တီးပေးနိုင်ရန် မမျှော်မှန်းနိုင်သော ယခုနည်းဗျူဟာသည် အလုပ်အကိုင်ဆုံးရှုံးမှု အများအပြားမပေါ်ပေါက်လာစေရေးအတွက်သာ ပံ့ပိုး ပေးနိုင်မည်ဖြစ်ကြောင်း STB က ပြောကြားပါသည်။     

နိုင်ငံတကာခရီးသွားလာမှု ဆိုးရွားစွာကျဆင်းနေခြင်းနှင့်အတူ စင်ကာပူနိုင်ငံရှိ ခရီးသွားလုပ်ငန်းများ၏ အလုပ်အကိုင်ဆုံးရှုံးမှုအခြေအနကို မလွှဲမသွေရင်ဆိုင်သွားရမည် ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr Chan Chun Sing ကလည်း ပြောကြားခဲ့ပါသည်။ စင်ကာပူ၏ ခရီးသွားလုပ်ငန်းကဏ္ဍသည် လုပ်သား ၆၅,၀၀၀ ခန့်ကို အလုပ်အကိုင်ဖန်တီး ပေးထားပါသည်။ ယခုနှစ်တွင် ခရီးသည်ဝင်ရောက်မှု ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သည်ဟု အစောပိုင်းတွင် ခန့်မှန်းခဲ့သော်လည်း လက်ရှိအခြေ အနေအရ ခန့်မှန်းရန်မှာ ခက်ခဲမှုရှိကြောင်း၊ စင်ကာပူသို့ ခရီးသည်ဝင်ရောက်မှုသည် ဧပြီလနှင့် မေလတို့တွင် ၉၉.၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ ကြောင်းကိုလည်း STB က ထောက်ပြခဲ့ပါသည်။

အစိုးရက စီးပွားရေးလုပ်ငန်းများအပေါ် ဂယက်ရိုက်ခတ်နေမှုများကို သက်သာမှုရှိစေ ရန်အတွက် ဘတ်ဂျက် (၄) ကြိမ်ဖြင့် ငှားရမ်းခစရိတ်ကင်းလွတ်ခွင့်၊ မြေနှင့် အဆောက်အဦအပေါ် ကောက်ခံသည့်အခွန်များအား သက်သာခွင့်၊ လုပ်ခလစာနှင့် သင်တန်း စရိတ်များထောက်ပံ့ခြင်း စသည့်အစီအမံတို့ဖြင့် ကူညီပံ့ပိုးပေးလျက် ရှိသောကြောင့် ခရီးသွားလုပ်ငန်း ၇,၀၀၀ ကျော်နှင့် ကိုယ်ပိုင်ရပ်တည်ဆောင်ရွက်နေကြသော ဧည့်လမ်းညွှန် ၁,၆၀၀ ကျော်တို့သည် ကူညီထောက်ပံ့မှုများ ရရှိ လျက်ရှိကြောင်း၊ သို့ရာတွင် ဆိုးရွားမှုကြာရှည်လာသည်နှင့်အမျှ လုပ်ငန်းများသည် ကုန်ကျစရိတ်လျှော့ချရေးအစီအမံများကို ဆောင်ရွက်လာကြသောကြောင့် မကြာမီ ကပင် Marina Bay Sands ၊ Resorts World Sentosa နှင့် Raffles Hotel စသည့် ခရီးသွားလုပ်ငန်းကြီးများပင် အလုပ်အကိုင်လျှော့ချမှုများကို ပြုလုပ်ခဲ့ကြကြောင်း၊ သို့ရာတွင် STB သည် ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်နာလန်ထူလာချိန်တွင် ယှဉ်ပြိုင်နိုင်မှုရှိရေးအတွက် Sentosa နှင့် Pulau Brani ပြန်လည် မွမ်းမံတည်ဆောက် ခြင်း၊ Jurong Lake District Tourism Hub စသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Business Times / The Straits Times

Category: Singapore