Korea

ကိုဗစ်-၁၉ ကူးစက်ရောဂါထိန်းချုပ်မှုဆိုင်ရာ ဖြေလျှော့မှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် ရောဂါကူးစက်မှုများ အနည်းငယ် ပြန်လည်မြင့်တက်လာ

Last Updated:

တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းကျဆင်းလာသဖြင့် ခရီးသွား၊ ပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် စီးပွားရေး လုပ်ငန်းများ ပြန်လည်ပွင့်လန်းတိုးတက်လာစေရေးအတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါထိန်းချုပ်မှုဆိုင်ရာများကို ဖြေလျှော့ပေးခဲ့ပြီးသည့်နောက် (၈-၅-၂၀၂၂) ရက်နေ့တွင် ကိုဗစ်အတည်ပြုလူနာဉီးရေသည် (၄၀,၀၆၄) သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း Korea Disease Control and Prevention Agency (KDCA) ၏ စာရင်းများအရ သိရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်မှုကိန်းဂဏန်းသည် (၆-၅-၂၀၂၂) ရက်နေ့တွင် (၂၆,၇၁၄) ဉီး၊ (၇-၅-၂၀၂၂) ရက်နေ့တွင် (၃၉,၆၀၀) ဉီး ရှိခဲ့ရာမှ (၈-၅-၂၀၂၂) ရက်နေ့တွင် (၄၀,၀၆၄) ဉီးသို့ ဆက်လက်တိုးမြင့်လာခဲ့ကြောင်း တွေ့ရှိရပါသည်။  ရောဂါကူးစက်မှုအနေဖြင့် လူဉီးရေ (၅၀,၀၀၀) အောက်တွင် ရှိနေသေးသော်လည်း (၈-၅-၂၀၂၂) ရက်နေ့၏ ကိုဗစ်အတည်ပြုလူနာအရေအတွက်သည် ယခင်ရက်သတ္တပတ်ထက် (၂၃,၀၃) ဉီး တိုးမြင့်လာခဲ့ကြောင်း တွေ့ရှိရပါသည်။ ကိုဗစ်-၁၉ မျိုးကွဲ Omicron ၏ လျင်မြန်စွာပျံ့နှံ့ကူးစက်မှုကြောင့် ၂၀၂၂ ခုနှစ်၊ မတ်လအလယ် တွင် ကူးစက်ခံရသူ (၆၂၀,၀၀၀) ကျော်အထိ မြင့်တက်ခဲ့ပြီးနောက် မကြာသေးမီ ရက်သတ္တပတ်များအတွင်းက နေ့စဉ်ကူးစက်မှု (၂၀,၀၀၀) ဝန်း ကျင်သို့ ကျဆင်းသွားခဲ့ခြင်း ဖြစ်ပါသည်။

Social Distancing စည်းမျဉ်းများကို ၂၀၂၂ ခုနှစ်၊ မတ်လတွင် အခြေအနေနှင့်အညီသတ်မှတ်၍ လိုက်နာစေခဲ့ပြီး၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ကျဆင်းလာမှုနှင့် ကာကွယ်ဆေးထိုးပြီးစီးမှုအနေအထားများအရ ၂၀၂၂ ခုနှစ်၊ ဧပြီလလယ်တွင် Social Distancing စည်းမျဉ်းအားလုံးကို ကပ် ရောဂါမဖြစ်ပွားမီ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် အဓိကခြေလှမ်းအဖြစ် ရုတ်သိမ်းပေးခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ မေလဆန်းမှ စ၍ လူစုလူဝေးအခြေအနေများကိုပြန်လည်ခွင့်ပြုခဲ့ပြီး၊ ပြင်ပ၌သွားလာစဉ် Mask မဖြစ်မနေတပ်ဆင်ရသည့် စည်းကမ်းကိုလည်း ရုပ်သိမ်းပေးခဲ့ပါ သည်။

လာမည့်သီတင်းပတ်များအတွင်း ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုဉီးရေသည် (၁၀,၀၀၀) ခန့်အထိ ကျဆင်းသွားနိုင်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး များ ထိုးနှံထားနိုင်ခြင်းကြောင့် ရောဂါအသစ်ဖြစ်ပွားမှုသည် ပိုမိုကျဆင်းသွားဖွယ်ရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက ခန့်မှန်းပြောကြားခဲ့ သော်လည်း၊ ၂၀၂၂ ခုနှစ်၊ မေလဆန်းတွင် (၅-၅-၂၀၂၂) ရက်‌နေ့သည် ကလေးများနေ့ (Children Day) အားလပ်ရက်ဖြစ်ပြီး၊ (၈-၅-၂၀၂၂) ရက်နေ့ သည် ဗုဒ္ဓနေ့ (Buddha Day) ဖြစ်သဖြင့် အားလပ်ရက်ကာလအတွင်း ပွဲတော်နှင့် ခရီးသွားမှုများ ထူထပ်မှုအနေအထားများအရ တောင်ကိုရီးယား အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကူးစက်မှုတိုးမြင့်လာနိုင်သည့် အခြေအနေများကို အထူးဂရုပြု၍ ဆောင်ရွက်လျက်ရှိကြကြောင်း တွေ့ရှိပါသည်။

(၇-၅-၂၀၂၂) ရက်‌နေ့အထိ စာရင်းများအရ တောင်ကိုရီးယားနိုင်ငံ၌ ပြည်သူ (၄၄.၅၆) သန်း (သို့မဟုတ်) နိုင်ငံ့လူဦးရေ၏ (၈၆.၈) ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကြိမ်အပြည့်အဝထိုးထားပြီး၊ ပြည်သူ (၃၃.၁၈) သန်း (သို့မဟုတ်) (၆၄.၇) ရာခိုင်နှုန်းသည် ပထမအကြိမ် Booster Dose ကို ထိုးပြီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ တောင်ကိုရီးယားအစိုးရက ပြင်ပ၌မဖြစ်မနေ Mask တပ်ဆင်မှုစည်းကမ်းကို ရုတ်သိမ်းပေး ထားပြီးဖြစ်သော်လည်း ပြည်သူများအနေဖြင့် မိမိတို့၏ ကျန်းမာရေးလုံခြုံမှုအတွက် Mask တပ်ဆင်၍သာ လှုပ်ရှားသွားလာလျက်ရှိကြသည်ကို လေ့လာတွေ့ရှိရပါသည်။

တောင်ကိုရီးယားအစိုးရအနေဖြင့် စီးပွားရေးအရှိန်အဟုန်မပျက် တိုးတက်ရေးနှင့် ခရီးသွားကဏ္ဍ ပွင့်လန်းရေးကို ဘက်စုံကြိုးပမ်းဆောင်ရွက်လျက် ရှိရာ ဤကိုဗစ်-၁၉ ကူးစက်မှုဆိုင်ရာ ကျန်းမာရေးအခြေအနေများသည် စီးပွားရေးကဏ္ဍတိုးတက်မှုလမ်းကြောင်းတွင် ကြိုတင်မှန်းဆမရသော မသေချာ၊ မရေရာမှုများကို ဖြစ်ပေါ်စေသည့် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Data Reference: Korea Disease Control and Prevention Agency (KDCA)

 

Category: Korea