Japan

ကိုရိုနာကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ဂျပန်နိုင်ငံ၏ ပြည်တွင်းခရီးသွားလုပ်ငန်းမှ ဝင်ငွေ ယန်း ၄ ထရီလီယံခန့် လျော့ကျခဲ့

Last Updated:

ကိုရိုနာကပ်ရောဂါပြန့်ပွားနေမှုကြောင့် ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွားများ ဝင်ရောက်မှု သိသိသာသာလျော့ကျလာပြီး ပြည်တွင်းခရီးသွားလုပ်ငန်းမှ ဝင်ငွေစုစုပေါင်း၏ ၁၅ % ခန့် ကျဆင်းခဲ့ကြောင်း Resona Research Institute ၏ ခန့်မှန်းသုံးသပ်ချက်အရ သိရပါသည်။

Resona Research Institute  ၏ ခန့်မှန်းသုံးသပ်ချက်တွင် တိုကျို၊ အိုဆာကာနှင့် အခြားသောစီရင်စုဒေသ ၃ ခုသည် စီရင်စုဒေသ ၄၇ ခုအနက် ခရီးသွားလုပ်ငန်းကဏ္ဍတွင် သိသိသာသာ ထိခိုက်နိုင်ပါကြောင်း၊ မူလလျာထားသည့် ပြည်တွင်းခရီးသွားလာမှုလုပ်ငန်း အားလုံး၏ ၆၀ % ကျော်မှာ ဖျက်သိမ်းလိုက်ရသဖြင့် ဆုံးရှုံးမှုများပြားခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

Resona Research Institute  မှ အကြီးတန်းသုတေသနပညာရှင် Hideyuki Araki ကပြုစုထားသည့် ခန့်မှန်းသုံးသပ်ချက်အရ  ပြည်ပနိုင်ငံများမှ ခရီးသွားများဝင်ရောက်မှုနှင့် ခရီးသွားလာမှုအတွက် သုံးစွဲမှုတို့နှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်အတွက် လျာထားချက်မှာ ယခင်နှစ်က အခြေအနေ အတိုင်းခန့်မှန်းထားပါကြောင်း၊ တည်းခိုနေထိုင်မှုများနှင့် ခရီးသွားလာမှုအတွက် သုံးစွဲမှုများ၏ ခန့်မှန်းချက်အခြေအနေမှာ ဂျပန်နိုင်ငံ၊ ခရီးသွား လုပ်ငန်းအေဂျင်စီ၏ ထုတ်ပြန်ထားချက်များအပေါ်အခြေခံသုံးသပ်ထားခြင်းဖြစ်ပါသည်။

Araki ၏ အစီရင်ခံစာတွင် ၂၀၂၀ ပြည့်နှစ်အတွက် ဂျပန်တစ်ပြည်လုံးသို့ ပြည်ပခရီးသွားများ ဝင်ရောက်မှုမှ ဝင်ငွေရရှိမှုစုစုပေါင်းသည် ယန်း ၄,၀၆၈.၂ ဘီလီယံ ( အမေရိ ကန်ဒေါ်လာ ၃၈,၇၄၄ သန်း) ရှိမည်ဟုခန့်မှန်းထားပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ခရီးသွား များ၏ သုံးစွဲမှုမှာ ခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေစုစုပေါင်း၏ ၁၅ % ၊ တန်ဖိုးအားဖြင့် ယန်း ၂၇.၉ ထရီလီယံ ရှိခဲ့ပါကြောင်း ဖော်ပြထားပါသည်။

အသေးစိတ်အနေဖြင့် ကုန်ပစ္စည်းများ ရောင်းချရမှုမှရရှိသည့် ဝင်ငွေမှာ ဆုံးရှုံးမှု အများဆုံးဖြစ်ပြီး ယန်း ၁,၄၄၂.၃ ထရီလီယံထိရှိပါကြောင်း၊ ဒုတိယအများဆုံး ဆုံးရှုံးမှုမှာ တည်းခိုနေထိုင်မှုလုပ်ငန်းမှ ရရှိသည့် ဝင်ငွေဖြစ်ပြီး ယန်း ၁,၁၈၁.၆ ဘီလီယံခန့် ဖြစ်ပါ ကြောင်း ဖော်ပြထားပါသည်။

အစီရင်ခံစာတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပြန့်ပွားနေမှုကြောင့် ပြည်ပခရီးသွားများ ဝင်ရောက်လာမှုမရှိသည့်အတွက် ကုန်စုံဆိုင်များ၊ ဆေးဆိုင်များသည် ဟိုတယ်လုပ်ငန်းများထက် ပိုမိုထိခိုက်ခဲ့ရကြောင်း သုံးသပ်ဖော်ပြ ထားပါသည်။ စီရင်စုဒေသအားဖြင့် နိုင်ငံ၏ အဓိကမြို့ပြဒေသများဖြစ်ကြသည့် တိုကျို၊ အိုဆာကာ၊ ချီဘာ၊ ကျိုတိုနှင့် ဟော့ကိုင်းဒိုးတို့ တွင် အထိခိုက်ဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး ခရီးသွားလုပ်ငန်းမှ ရရှိိသည့် ဝင်ငွေ၏ ၆၀ % ခန့် ဆုံးရှုံးခြင်းဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

အလားတူ ခရီးသွားလုပ်ငန်းထိခိုက်ခဲ့ရသည့် အခြားသောစီရင်စုဒေသ ၅ ခုဖြစ်သည့် အအိချိ၊ နာရာ၊ ကာနာဂါဝါ၊ အိုကီနာဝါနှင့် ဖူကူအိုကာတို့ကို အပါအဝင်  စီရင်စုဒေသ ၁၀ ခုအနေဖြင့် စုစုပေါင်းဝင်ငွေ၏ ၈၀ % နီးပါး ရှိပါကြောင်း သုံးသပ်ဖော်ပြထားပါသည်။ အထက်ပါ စီရင်စုဒေသများ သည် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ ပြည်ပခရီးသွားများ လာရောက်လေ့ရှိသည့် အထင်ကရဒေသများ၊ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နေရာများနှင့် အပန်းဖြေလည်ပတ်ရာနေရာများ တည်ရှိကြသည့်ဒေသများဖြစ်ကြပါသည်။

Araki ၏ အစီရင်ခံစာတွင် ခရီးသွားလုပ်ငန်းဝင်ငွေ အထိခိုက်ဆုံးဒေသမှာ မြို့တော်တိုကျိုတည်ရှိသည့် ကန်တိုဒေသဖြစ်ပြီး ယန်း ၁,၅၀၆.၄ ဘီလီယံခန့်ရှိပါကြောင်း၊ အိုဆာကာမြို့တော်ပါဝင်သည့် ခန်းဆိုင်ဒေသတွင် ခရီးသွားဝင်ငွေဆုံးရှုံးမှုမှာ ယန်း ၁,၂၁၉ ဘီလီယံခန့် ရှိနိုင်ကြောင်း  ခန့်မှန်းထားပါသည်။

သို့သော် ဒေသအသီးသီး၏ စီးပွားရေးအနေအထားပေါ်မူတည်၍ ခန်းဆိုင်ဒေသသည် ကန်တိုဒေသထက်ပိုမိုထိခိုက်ခဲ့ရပါကြောင်း၊ ယခင်နှစ်က ခန်းဆိုင်ဒေသမှ ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိမှုသည် ကန်တိုဒေသမှ ရရှိသည့် ဝင်ငွေထက် ၁.၅ % ပိုမိုခဲ့ပါကြောင်း၊ သိသာသည့် ဥပမာတစ်ခုအနေဖြင့် အိုဆာကာမြို့တော်၊ မီနာမီခရိုင်မှ ပြည်ပခရီးသွားများအတွက် ဖွင့်လှစ်ထားသည့် ဆေးဆိုင်အုပ်စုများ ပိတ်သိမ်းလိုက်ရသဖြင့် ဝင်ငွေများစွာထိခိုက်နစ်နာ ခဲ့ရကြောင်း ဖော်ပြထားပါသည်။

အာရှနိုင်ငံများနှင့် နီးကပ်သည့် ခန်းဆိုင်ဒေသသည် Budget Airlines ဝန်ဆောင်မှုများ စတင်ခဲ့သည့်နောက်တွင် ပြည်တွင်းခရီးသွားများကို ပိုမိုအားထားလာရသည့် ဒေသဖြစ်လာပါကြောင်း၊ ရလဒ်အနေဖြင့်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအပေါ် သက်ရောက်လာနိုင်ပါကြောင်း Araki က ဆိုပါသည်။

ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွားများဝင်ရောက်မှုသည် ဝန်ကြီးချုပ်ရှင်ဇိုအာဘေး တာဝန်ယူစဉ် ၂၀၁၂ ခုနှောင်းပိုင်း၌ ဗီဇာဖြေလျော့ပေးမှုနှင့် ယန်းစျေး ကျဆင်းနေချိန်မှစ၍ ပိုမိုတိုးတက်လာခဲ့ကြောင်းတွေ့ရပါသည်။ ၂၀၁၉ ခုနှစ်တွင် ပြည်ပခရီးသွားဝင်ရောက်မှုသည် ၃၁.၈၈ သန်းရှိပြီး ၂၀၁၂ ခုနှစ်ကထက် ၃.၈ ဆခန့်ထိ တိုးတက်လာခဲ့ကြောင်းတွေ့ရပါသည်။ ၂၀၂၁ သို့ရွှေ့ပြောင်းကျင်းပရန် ပြင်ဆင်နေသည့် တိုကျိုအိုလံပစ်ပွဲတော်ကြောင့် မြို့တော်တိုကျိုသို့ ပြည်တွင်းခရီးသွားအရေအတွက် ပိုမိုများပြားလာနိုင်ကြောင်းကိုလည်း ခန့်မှန်းသုံးသပ်ထားပါသည်။

ကိုရိုနာဗိုင်းရပ်စပ်ကပ်ရောဂါပြန့်ပွားနေမှုကြောင့် ပြီးခဲ့သည့် ၂၀၂၀ ဧပြီလမှ အစပြုကာ ဂျပန်နိုင်ငံအတွင်းသို့ ပြည်ပခရီးသွားများဝင်ရောက်မှု တားမြစ်ကန့်သတ်လိုက်သည့်အတွက် ပြည်ပခရီးသွားဝင်ရောက်မှု ၉၉ % ကျော်ကျဆင်းခဲ့ပါသည်။  ဂျပန်အစိုးရက အောက်တိုဘာလ ၁ ရက်နေ့မှ အစပြုကာ ကာလလတ်နှင့်  ကာလရှည် လာရောက်မည့် ဆေးဘက်ဆိုင်ရာနှင့် အခြားသောပညာရပ်နယ်ပယ်မှ အကြောင်းတစ်ခုခုဖြင့် ဝင်ရောက် လာမည့် ကမ္ဘာ့ခရီးသွားများကို ပြည်ဝင်ခွင့်ပြုသွားမည်ဖြစ်ပါသည်။

ကမ္ဘာ့လှည့်ခရီးသွားများအနေဖြင့် ခရီးသွားလာမှုဖြေလျော့ခြင်းတွင် သက်ဆိုင်အကျုံးဝင်မည်မဟုတ်ဘဲ ပြည်တွင်းခရီးသွားများ၏ သုံးစွဲမှုမှ ရရှိသည့်ဝင်ငွေအနေဖြင့် ဂျပန်နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍတိုးတက်မှုအတွက် မည်မျှအကျိုးသက်ရောက်မှုရှိနိုင်မည်ဟူသည့်ကိစ္စမှာ ခန့်မှန်းရန် ခက်ခဲနေပါကြောင်း အစီရင်ခံစာက သုံးသပ်ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan